စီးပွားရေးသမားဖြစ်လို့ အသုံးမကျတဲ့ မဟာမိတ်တွေအတွက် ငွေမသုံးလိုတဲ့ အရည်အချင်း ထရမ့်မှာရှိတယ်လို့ မက်ဗီဒက်ဗ်ဆို
မဲခေါင်၊ နိုဝင်ဘာ ၆
အမေရိကန်ရွေးကောက်ပွဲမှာ သမ္မတဖြစ်ဖို့ လိုအပ်တဲ့ မဲ ၁၇၀ ပြည့်ဖို့ ၃ မဲအလိုမှာပဲ ဒေါ်နယ်ထရမ့်က သူ့ကိုယ်သူ ၄၇ ဆက်မြောက် အမေရိကန်သမ္မတဖြစ်ခဲ့ပြီဖြစ်ကြောင်း ဖလော်ရီဒါ ကမ်းခြေမှာ ထောက်ခံအောင်ပွဲခံသူတွေကို မိန့်ခွန်းပြောကြားခဲ့ပြီး မဲအားလုံး မကြေညာသေးခင်မှာပဲ ကမ္ဘာ့ နိုင်ငံခေါင်းဆောင်တွေက ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ ရီပါဘလစ်ကန်ပါတီအမတ်အများစုဟာလည်း အထက်လွှတ်တော် အမတ်နေရာတွေကို ရရှိ စိုးမိုးသွားနိုင်ခဲ့ပြီဖြစ်လို့ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲ များစွာ ဖြစ်လာနိုင်ချိန် ရန်သူတော် မဟာပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားကလည်း ထရမ့်နဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက် အသီးသီးကို ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မာအိုနင်းက “ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ Win-Win Cooperation အခြေခံမူတွေအပေါ် အခြေခံပြီး တရုတ်-အမေရိကန် ဆက်ဆံရေးကို ဆက်လက်တည်ငြိမ်စေရေး ဆောင်ရွက်မှာပါ” လို့ ထုတ်ပြန်သွားခဲ့ပါတယ်။
ယူကရိန်းစစ်ရေးမှာ အဓိက အကူညီဆုံးဖြစ်တဲ့ အမေရိကန်နဲ့ အတင်းမာဆုံးအခြေအနေရှိတဲ့ ရုရှားအစိုးရအနေနဲ့ ထုတ်ပြန်မှု မလုပ်ပေမယ့် ပူတင်ရဲ့ အဓိက နံပါတ် ၂ အားထားရာ ရုရှားလုံခြုံရေးကောင်စီ ဒုချုပ် မက်ဗီဒက်ဗ်ကတော့ လူမှုကွန်ရက် တယ်လီဂရမ်မှာ ထရမ့် ကို ယူကရိန်းအပါအဝင် ရုရှားရဲ့ ရန်သူ နိုင်ငံတွေကို မထောက်ပံ့ရေး တိုက်တွန်းစကားမျိုးနဲ့ အခုလို ထုတ်ပြန်သွားပါတယ်။
“ ထရမ့်မှာ ကျွန်တော်တို့အတွက် အသုံးဝင်မယ့် အရည်အသွေးကောင်း တစ်ခုကတော့ ရှိတယ်။ သူက တကယ့် စီးပွားရေးသမား။ စိတ်ဓာတ်ခံယူချက်ကလည်း မိုက်မဲတဲ့ မဟာမိတ်တွေ၊ ဆိုးရွားတဲ့ ပရဟိတပရော့ဂျက်တွေ၊ ညစ်ထေထေ နိုင်ငံတကာအဖွဲ့အစည်းတွေအတွက် ငွေသုံးရတာကို မကြိုက်တဲ့ အချက်ပါပဲ။ ကာမီလာဟဲရစ်ဘ၀ကတော့ အဆုံးသတ်သွားပြီး။ ကျွန်တော်တို့ရဲ့ အထူးစစ်ရေးရည်မှန်းချက်ကိုတော့ ပြီးဆုံးအောင် ဆက်သွားကြမယ်” လို့ ရေးတင်သွားခဲ့ပါတယ်။
Ref: metro
MKF-001








