မဲခေါင်၊ အောက်တိုဘာ ၇
ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့က ဟေတီနိုင်ငံ ပွန့်ဆွန်ဒီမြို့မှာ ရက်စက်မှုမှာနာမည်ကြီးတဲ့ Gran Grif ဂိုဏ်း ဟာ မွေးကင်းစကလေး ၃ ဦးအပါ လူပေါင်း အနည်းဆုံး ၇၀ ကို မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်ခဲ့ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်သွားခဲ့ပါတယ်။
ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ အယ်လ်ခီးတန်က ပွန့်ဆွန်ဒီမြို့ လူပေါင်း ၇၀ ကျော်သေဆုံးတဲ့ ဂိုဏ်းအဖွဲ့ တိုက်ခိုက်မှုက ထိတ်လန့်ဖွယ်ရာဖြစ်ခဲ့ကြောင်း၊ ဒီတိုက်ခိုက်မှုကို Gran Grif ဂိုဏ်းက ကျူးလွန်တာဖြစ်ပြီး မြို့နေ ပြည်သူပေါင်း အနည်းဆုံး ၃၀၀၀ ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ပြောဆိုသွားပါတယ်။
အောက်တိုဘာ ၃ ရက်နေ့ မနက်အစောပိုင်း ပစ်ခတ်တိုက်ခိုက်မှုမှာ လူပေါင်း အနည်းဆုံး ၁၆ ယောက်သေဆုံး ပြီး ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်လို့ ဂိုဏ်းအဖွဲ့ဝင် ၂ ယောက်လည်း သေဆုံးကြောင်း၊ ရဲက သူတို့ ဂိုဏ်းအဖွဲ့ ဝင်တွေကို သတ်လို့ဆိုပြီး အင်အားများစွာ မောင်းပြန်သေနတ်များစွာနဲ့ ဒုတိယအကြိမ်တစ်ရက်တည်းမှာ မြင် မြင်ရာ ပစ်ခတ်တိုက်ခိုက်ကြလို့ အနည်းဆုံး အယောက် ၇၀ သေဆုံးကာ အိမ် ၄၅ လုံး၊ ကား ၃၄ စီးကိုလည်း မီးတင်ရှို့ခဲ့ကြကြောင်း သိရှိရပါတယ်။
ကာရစ်ဘီယန်ဒေသက ဒုစရိုက်မှုနဲ့ ဂိုဏ်းတွေ ဩဇာကြီးတဲ့ ဟေတီမှာ ဒီဖြစ်စဉ်ဟာ အဆိုးရွားဆုံး အကြမ်းဖက် မှုဖြစ်ခဲ့ပြီး နိုင်ငံဝန်ကြီးချုပ် ဂယ်ရီကော်နယ်လီက လက်နက်မဲ့အကာအကွယ်မဲ့ အမျိုးသမီး၊ အမျိုးသား၊ ကလေး အားလုံးကို ပစ်ခတ်သတ်ဖြတ်တာ ဟေတီတစ်မျိုးသားလုံးကို ဆန့်ကျင်တာဖြစ်တယ်လို့ ထုတ်ပြန်သွားပါတယ်။
ပြီးခဲ့တဲ့လကမှ ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူခံရသူ Gran Grif ဂိုဏ်းချုပ် လက်ခ်ဆန်အီလန်က အစိုးရ၊ တန်ပြန် တိုက်ခိုက်သူနဲ့ သူ့ဂိုဏ်းသားတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းကိုသာ အပစ်တင်ရမှာ ဖြစ်ကြောင်း အသံဖိုင် ထုတ်ပြန်သွားခဲ့ပါတယ်။
Ref: nzherald
MKF-001











