မဲခေါင်၊ စက်တင်ဘာ ၁၄
ရုရှားဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု (FSB) ထောက်လှမ်းရေးအဖွဲ့က ရုရှားနိုင်ငံအတွင်းက ဗြိတိန်သံတမန် ၆ ယောက်ဟာ ဗြိတိန်ထောက်လှမ်းရေး MI6 အတွက် ရုရှားဘက်ကို သူလျှိုလုပ်ပေးနေသူများဖြစ်လို့ အသိအမှတ် ပြုခြင်းရုပ်သိမ်းပြီး ပြည်နှင်ဒဏ်ပေးကြောင်း စက်တင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်သွားပါတယ်။
ယူကရိန်းကို အထောက်အပံ့များစွာပေးနေတဲ့ ဗြိတိန်ရဲ့ ထောက်လှမ်းရေး MI6 အတွက် ဒီသံတမန် ၆ ယောက် ဟာ စစ်ရေးမှာ ရုရှားနစ်နာဆုံးရှုံးစေမယ့် အချက်အလက်တွေကို ခိုးယူပေးပို့နေပြီး မဟာဗျူဟာကျကျ သူလျှို လုပ်နေကြတယ်ဆိုပြီး ရုရှား FSB အကြီးအကဲက ရုရှားနိုင်ငံပိုင်ရုပ်သံမှာ ထုတ်ပြန်သွားပါတယ်။
ဒီဖြစ်စဉ်ဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံအပြီး ယူကရိန်းအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီ ဒေါ်လာ ၁ . ၅ ဘီလီယံ ပေးဖို့ သဘောတူလိုက်ပြီး ရက်ပိုင်းမှာပဲ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
သတင်းတွေအရလည်း ယူကရိန်းသမ္မတ ဇီလန်းစကီးတောင်းဆိုတဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံ အတွင်းပိုင်းထဲအထိ ပိုမိုတိုက်ခိုက်နိုင်ဖို့ အမေရိကန်နဲ့ ဗြိတိန်က ခွင့်ပြုဖို့အရေးကို နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံအပြီး လျှို့ဝှက်စွာ သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ ဗြိတိန်က ယူကရိန်းကို ပေးထားတဲ့ Storm Shadow ဒုံးကျည်ဟာ ၁၅၅ မိုင်အကွာအဝေးအထိ ပစ်ခတ် နိုင်ပြီး ယူကရိန်းသုံးနေတဲ့ ဒုံးကျည်တွေထဲ အဝေးဆုံး ပစ်ခတ်နိုင်တဲ့ ဒုံးကျည်ဖြစ်ပါတယ်။
ဒါပေမဲ့ ခုထိ ယူကရိန်း ဘက်က အသုံးမပြုသေးဘဲ ရုရှားနိုင်ငံအတွင်းပိုင်းဒေသတွေကို ဒရုန်းတွေနဲ့ပဲ ပစ်ခတ်တယ်လို့ ထုတ်ပြန်ထားပေ မယ့် လျှို့ဝှက်စွာ ပစ်ခတ်မှုတွေ ရှိကြောင်း ရုရှားဘက်က လက်ခံသိရှိထားလို့ ဗြိတိန်နဲ့အမေရိကန်သာ ရုရှား အတွင်းပိုင်းထဲအထိ သူတို့ပေးထားတဲ့ ဒုံးကျည်တွေကို ယူကရိန်းအပေါ် ပစ်ခွင့်ပေးခဲ့ရင် ဗြိတိန်နဲ့ အနောက်အင် အားစု နေတိုးအဖွဲ့ဝင်နိုင်ငံတွေဆီ ရုရှားဘက်ကလည်း ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားကြောင်း ခြိမ်းခြောက်ထုတ်ပြန်မှုတွေ လုပ်နေပါတယ်။
ရုရှားရဲ့ စပိုင်စွဲချက်ကို ဗြိတိန်ဘက်က ငြင်းဆိုလိုက်ပါတယ်။
၂၀၁၈ ခုနှစ်က ဗြိတိန်ဟာ သူတို့နိုင်ငံထဲမှာ တစ်ချိန် က ရုရှား ထောက်လှမ်းရေး ဆာဂျီစကရီပယ်ကို အာရုံကြော အဆိပ်ခတ် တိုက်ခိုက်မှုပြုလုပ်ခံရတာကြောင့် ရုရှားလက်ချက်ဆိုပြီး ရုရှားသံတမန် ၂၃ ယောက်ကို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
ရုရှားဘက်ကလည်း ဗြိတိန်က သာ သူတို့နိုင်ငံထဲ စပိုင်လုပ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အဲဒီအချိန်က ဗြိတိန် သံတမန် ၂၃ ယောက်ကို ပြည်နှင်ဒဏ် ပြန်ပေးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
Ref: ntd








