မဲခေါင်၊ စက်တင်ဘာ ၁၀
ရုရှား-ယူကရိန်းစစ်ပွဲ လပေါင်း ၃၀ အတွင်း ရုရှားနိုင်ငံထဲကို အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုအဖြစ် ယူကရိန်းဘက်က စက်တင်ဘာ ၁၀ ရက်နေ့မှာ ဒရုန်းပေါင်း ၁၄၀ ကျော်နဲ့ ဒေသပေါင်း ၉ ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ မော်စကိုမြို့ကိုပါ ထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ရုရှားဘက်က ထုတ်ပြန်ပါတယ်။
လက်ရှိမှာ ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမမ်ရစ်ခ်ရွာကို ထပ်တိုးသိမ်းပိုက်လိုက်ပြီး ဒီရွာဟာ ယူကရိန်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်မှာ အရေးပါတဲ့ ပေါ့ဗ်ရိုဗက်စ်နဲ့ ၁၂ မိုင်သာ ကွာဝေးတော့တာကြောင့် ယူကရိန်းဘက်ကလည်း ရုရှားနိုင်ငံ ကက်ရှ်ဒေသရဲ့ စတုရန်းမိုင် ၅၀၀ ကို သိမ်းပိုက်ထားပြီး ယူကရိန်းအရှေ့ပိုင်းက ရုရှားတပ်တွေ ပြန်ဆုတ်ခွာလာစေဖို့ ရည်ရွယ်ချက်နဲ့ မော်စကိုမြို့ထိကို ဒရုန်း အလုံး ၂၀ နဲ့ တခြား ဒေသ ၈ ခု ဆီ စုစုပေါင်း ဒရုန်း ၁၄၄ စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ မော်စကိုမြို့ရဲ့ ရာမန်စကိုဗ်ယီအရပ်က ၁၇ ထပ်မြင့်တိုက် ၁၀ လွှား၊ ၁၁ လွှာ၊ ၁၂ လွှာကို ဒရုန်း ထိမှန်ပြီး ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ယောက်သေဆုံးကြောင်း မော်စကို မြို့တော်ဝန်က အတည်ပြုထုတ်ပြန်ပါတယ်။
နောက်ထပ် သတင်းတစ်ရပ်မှာတော့ ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးပါ သေဆုံးတယ်လို့ သိရပေမယ့် အတည်ပြုမှု မရှိသေးပါဘူး။ ရုရှား အစိုးရက ယူကရိန်းရဲ့ အကြမ်းဖက်လုပ်ရပ်မှာ ဒရုန်းပေါင်း ၁၄၀ ကို ပစ်ချနိုင် ခဲ့တယ်လို့ ဆိုပေမယ့် ယူကရိန်းဘက်က ဒရုန်းပေါင်း ၇၂လုံး ဟာ မြေပြင်ကို ကျရောက် တိုက်ခိုက်နိုင်စွမ်း ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ရှေ့တစ်ရက်ဖြစ်တဲ့ စက်တင်ဘာ ၉ ရက်နေ့မှာ ရုရှားဘက်က ယူကရိန်းနိုင်ငံအတွင်းက စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့သေးသလို ယူကရိန်းအရှေ့ဘက် ပိုင်းကိုလည်း ဆက်လက်ထိုးစစ်ဆင်နေလို့ ဆောင်းတွင်းကာလမှာ ယူကရိန်းအတွက် စိုးရိမ်ရကြောင်းနဲ့ ရုရှားလုပ်ရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်အကြီးအကဲ ဗိုလ်ကာတက်ခ် က ပြစ်တင်ရှုတ်ချမှုလုပ်ခဲ့ပါသေးတယ်။
Ref: france24
MKF-001








