မဲခေါင်၊ စက်တင်ဘာ ၁၀
ဩဂုတ်လ ၃၁ ရက်နေ့က ဂါဇာမြေအောက်ဥမင်ထဲမှာ ဟားမက်စ်တွေ အနီးကပ်သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အစ္စရေး ဓားစာခံ ၆ ဦးအနက် ၄ ဦးဟာ နောက်ဆုံးအချိန်အထိ ခုခံတိုက်ခိုက်သွားခဲ့တယ်လို့ အလောင်းတွေကို စစ်ဆေးတဲ့ အစ္စရေးမှုခင်းဆရာဝန်တွေက ထုတ်ပြန်ခဲ့ပါတယ်။
အလောင်းတွေဟာ အစ္စရေးတပ်သားတွေ နီးကပ်လာချိန်မှ သတ်ဖြတ်ခံရတာဖြစ်ပြီး အလောင်းမတွေ့မီ ၄၈ နာရီ ကနေ ၇၂ နာရီကြားမှာ သတ်ဖြတ်ခံရတာဖြစ်ကြောင်း၊ တစ်နှစ်လုံးလုံး ဒီ ၆ ယောက်ကို ထားရှိရာ ဥမင်ဟာ ကျဉ်း မြောင်းပြီး မီးမှိန်မှိန်လေးသာ ပေးထားသလို ပေးတဲ့အစားအသောက်ကလည်း နည်းပါးလွန်းလို့ အီဒင်ဆိုတဲ့ အမျိုးသမီးငယ်ဟာ သေဆုံးချိန် ပေါင် ၈၀ သာ ကိုယ်အလေးချိန် ရှိတော့တာပါ။
မှုခင်းစစ်ဆေးမှုမှာ အီဒင်အပါ ၄ ယောက်ဟာ နောက်ဆုံး သတ်ခံရချိန်အထိ သတ္တိရှိစွာနဲ့ တန်ပြန်တိုက်ခိုက်ရာက သေနတ်ဒဏ်ရာပေါင်းများစွာ နဲ့ သေဆုံးခဲ့ရတာဖြစ်ကြောင်း၊ အိမ်သာမရှိ၊ သောက်ရေအနည်းငယ်သာပေးထားတဲ့ ချုပ်နှောင်ရာဥမင်ထဲမှာ စစ်တုရင်ခုံနဲ့ စာရွက်၊ ဘောပင်တွေ ပေးထားတာကို ရေးသားထားတဲ့ စာတွေကို မိသားစုဝင်တွေဆီ ပြန်ပေးခဲ့ပြီး ဖြစ်ကြောင်း အစ္စရေး မှုခင်းတပ်ဖွဲ့က ထုတ်ပြန်သွားပါတယ်။


ဓားစာခံ ၆ ယောက်ဟာ သူတို့ အစိုးရအနေနဲ့လွတ်မြောက်အောင် တာဝန်ယူဆောင်ရွက်နိုင်မယ်လို့ ယုံကြည်မျှော်လင့်ချက်တစ်ခုနဲ့ အသက်ရှင်ခဲ့ရာက ဝန်ကြီးချုပ် နက်တန်ယာဟု အစိုးရအဖွဲ့ မစွမ်းဆောင်နိုင်ခဲ့လို့ သေဆုံးရတာ ဖြစ်ကြောင်း မိသားစုဝင်တွေက ဖတ်ရတဲ့ စာတွေကို ပြန်လည် ဖွင့်ဟမှုမှာ အစ္စရေးနိုင်ငံအနှံ့ ဆန္ဒပြမှုတွေ ပြန်လည်ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒါပေမဲ့ အစ္စရေးပြည်တွင်းရုပ်သံ Channel 12 မှာ အစ္စရေးအစိုးရက ဟားမက်စ် နဲ့ ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးမှုက သုညအဆင့်ထက်ပိုတိုးတက်လာတာတောင် မရှိဘူးလို့ ထုတ်ပြန်ခဲ့လို့ ပြည်သူတွေ ပိုမို ဒေါသထွက်နေကြပါတယ်။
ဖမ်းဆီးခံရတဲ့ ဓားစာခံ ၂၅၁ ယောက်အနက် နောက်ဆုံး ကျန်ရှိနေတာ ၁၀၁ ယောက်ရှိပြီး ဒီအထဲက ၃ ပုံ ၁ ပုံ ဟာ အစ္စရေးတပ်ရဲ့ ပစ်ခတ်ချေမှုန်းမှုနဲ့ ဟားမက်စ်တွေ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ယုံကြည် ယူဆနေကြပါတယ်။
Ref:Thesun
MKF-001








