မဲခေါင်၊ စက်တင်ဘာ ၃
အသက် ၂၀ ကျော်အရွယ် မိန်းကလေးတစ်ယောက်ကို တိရစ္ဆာန်လှောင်ရာ အိမ်ထဲ ပိတ်လှောင်ထားပြီး ၄ နှစ်လုံး မုဒိမ်းကျင့် နှိပ်စက်ခဲ့တဲ့ ၃၅ နှစ်အရွယ် ပိုလန်သား မက်တီးယက် ဂျေဆိုသူကို ပိုလန်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ပါတယ်။
မက်တီးယက်ဂျေဟာ ၂၀၁၉ ခုနှစ်က Dating App တစ်ခုကနေ အသက် ၂၀ ကျော် မိန်းကလေး တစ်ယောက် ကို ချိန်းဆိုကာ သူနေထိုင်ရာ ပိုလန်အနောက်ပိုင်းဒေသကို မျှားခေါ်ခဲ့ပြီး နေအိမ်ဝန်းထဲက တိရစ္ဆာန် လှောင်ရာ အခန်းမှာ ၄ နှစ်လုံး ပိတ်လှောင်လို့ မုဒိမ်းကျင့်၊ ရက်စက်စွာ နှိပ်စက်လို့ ကိုယ်ရော၊ စိတ်ပါ ထိခိုက်ပျက်ပြားစေအောင် ရက်စက်ခဲ့သူဖြစ်ပါတယ်။
ဒီမိန်းကလေးဟာ အခု အသက် ၃၀ နှစ်အရွယ်မှ ကံကောင်းစွာနဲ့ လွတ်မြောက်သွားနိုင်ခဲ့ပြီး အမှုကို ပေါ်ပေါက်စေခဲ့တာဖြစ်ပါတယ်။
တစ်ကိုယ်ရေသန့်ရှင်းမှု ပစ္စည်းတွေလည်းမပေး၊ အိမ်သာမပါ၊ လျှပ်စစ်မီးမရှိတဲ့ တိရစ္ဆာန် လှောင်ရာ အခန်းထဲ နေရောင်ကိုပါ ၄ နှစ်လုံး မမြင်ရအောင် ထားခဲ့ပြီး လက်ကျိုး၊ ခြေကျိုးအောင် ရိုက်နှက်မှုတွေလည်း ကြိမ်ဖန်များ စွာလုပ်ခဲ့တာပါ။
ကိုယ်ဝန်လွယ်ထားရချိန်မှာ အနီးအနားက ဆေးရုံကို ခြိမ်းခြောက်ခေါ်ဆောင်သွားပြီး ကလေး မွေးပြီးရင် မွေးစားဂေဟာကိုပေးဖို့ ပြောဆိုမှုမှာ လက်မခံနိုင်ဘဲ ထွက်ပြေးလွတ်မြောက်ခဲ့တာ ဖြစ်ကြောင်း တရားလိုဘက်က ထွက်ဆိုထားပါတယ်။
ဒါကြောင့် ပိုလန်မှာ မက်တီးယက်ဂျေကို သမီးအရင်းအပေါ် မြေအောက်ခန်းထဲ နှစ်ပေါင်းများစွာ ပိတ်လှောင် ထားပြီး ကလေးများစွာမွေးဖွားတဲ့အထိ မုဒိမ်းပြန်ကျင့်တဲ့ ဩစတြီးယား စိတ္တဇ မုဒိမ်းသမား ဂျိုးဆက်ဖ်ဖရစ်ဇ်နဲ့ ခိုင်းနှိုင်းပြီး ပိုလန် ဂျိုးဆက်ဖ်ဖရစ်ဇ်လို့ ခေါ်ဆိုနေကာ တရားစီရင်မှုအပြီးမှာ အနည်းဆုံး ထောင်ဒဏ် ၂၅ နှစ် ကျခံရဖွယ်ရှိတယ်လို့ သိရှိရပါတယ်။
Ref:Thesun
MKF-001








