မဲခေါင်၊ သြဂုတ် ၆
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က လာမယ့် ၂၄ နာရီကနေ ၄၈ နာရီအကြား အစ္စရေးကို အီရန်နဲ့ ဟစ်ဇ်ဘိုလာတို့ ပူးပေါင်းပြီး တိုက်ခိုက်သွားဖို့ရှိကြောင်းနဲ့ ဒီတိုက်ခိုက်မှုတွေ မဖြစ်စေဖို့ G7 အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေအားလုံးကို သံတမန်နည်းအရ ဝိုင်းဝန်းဖြေရှင်ဖို့ သတိပေး တောင်းဆိုသွားခဲ့ပါတယ်။
မဟာမိတ်ဖြစ်တဲ့ ဟားမက်စ် နိုင်ငံရေးခေါင်းဆောင် ဟာနီယက်ချ်နဲ့ ဟစ်ဇ်ဘိုလာ တပ်မှူး ဖက်ဒ်ရှူကာတို့ကို အီရန်နိုင်ငံ တီဟီရန်မြို့နဲ့ လက်ဘနွန်နိုင်ငံ ဘေရွတ်ခ်မြို့တို့မှာ လုပ်ကြံသတ်ဖြတ်ခဲ့မှုအတွက် အီရန်နဲ့ ဟစ်ဇ်ဘို လာ ခေါင်းဆောင်များစွာက လက်စားချေ တုံ့ပြန်သွားမယ်လို့ အတိအလင်း ထုတ်ဖော်ပြောဆိုထားကြပါတယ်။
ဒါကြောင့် ဩဂုတ် ၅ ရက် တနင်္လာနေ့မှာ အမေရိကန်ဗဟိုဌာနချုပ်တပ်မှူး ဗိုလ်ချုပ် မိုက်ကယ်ကာရီလာဟာ အစ္စရေးကို ရောက်ရှိနေပြီး တိုက်ခိုက်လာနိုင်မှုတွေအတွက် နောက်ဆုံး ကာကွယ်ပြင်ဆင်မှုတွေကို လုပ်ဆောင် သွားဖို့ စီစဉ်နေသလို ဩဂုတ် ၄ ရက်ညမှာလည်း အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုနဲ့ စစ်ခေါင်းဆောင်တွေဟာ ရင်ဆိုင်လာရနိုင်တဲ့ တိုက်ပွဲအတွက် ပြင်ဆင်မှုတွေကိစ္စ စည်းဝေးတိုင်ပင်ခဲ့ပါတယ်။
တဆက်တည်း နက်တန်ယာဟုက ရှေ့တန်းစစ်မျက်နှာပြင်တိုင်း၊ ထောင့်စုံ၊ နေရာစုံ၊ အနီးကပ်တိုက်ပွဲ၊ အဝေးပစ် တိုက်ပွဲအားလုံးအတွက် ကြံ့ကြံ့ခံဖို့ ပြင်ဆင်ထားကြောင်းနဲ့ ထိပါးလာသူတိုင်းကို အလွန့်အလွန် ကြီးမားတဲ့ ပေးဆပ်မှုမျိုး ပြန်ပေးရလိမ့်မယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး ဂယ်လန့်နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် တို့လည်း ဩဂုတ် ၄ ရက်က ဆက်သွယ်ပြောဆိုခဲ့ကြရာမှာ အမေရိကန်ဟာ အစ္စရေးလုံခြုံရေးအတွက် အခိုင်အမာ ထောက်ခံရပ်တည် ပေးသွားမှာဖြစ်ကြောင်းနဲ့ အစ္စရေးမှာ ခုခံပိုင်ခွင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်ဟာ အစ္စရေးနဲ့ပတ်သက်တဲ့ တင်းမာမှုတွေ အဆုံးစွန်အထိ ပေါက်ကွဲလုနီးဖြစ်နေလို့ ဒေသတွင်း စစ်သည်အင်အားကို တိုးမြှင့်ပို့ဆောင်ထားသလို နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကလည်း G7 နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ အီရန်နဲ့ ဟစ်ဇ်ဘိုလာတို့ရဲ့ အရမ်းကာရော တိုက်ခိုက်လာနိုင်မှုကို သံတမန်နည်းအရ ဖိအားပေးဖြောင်းဖျဖို့ တိုက်တွန်းခဲ့သလို သူ့ဘက်ကလည်း အစ္စရေးရဲ့ အဆုံးစွန်အထိ တုံ့ပြန်တိုက်ခိုက်မှုတွေ မဖြစ်အောင် ဖြောင်းဖျတားဆီးပေးထားမယ်လို့ ထုတ်ပြန်ပြောဆိုသွားတာဖြစ်ပါတယ်။
ဘလင်ကန်က အီရန်ရဲ့ ဒီတစ်ကြိမ် အစ္စရေးအပေါ် တိုက်ခိုက်လာနိုင်မှု အတိုင်းအတာကို မသိနိုင်သေးကြောင်း၊ ဧပြီလအတွင်းက ဒုံးနဲ့ ဒရုန်းပေါင်း ၃၅၀ ကျော် ပစ်ခတ်တိုက်ခိုက်မှု ပုံစံတူ မဖြစ်နိုင်ကြောင်းလည်း ရရှိထားတဲ့ ထောက်လှမ်းရေးသတင်းရင်းမြစ်အရ သိထားတယ်လို့ ဆက်လက်ပြောကြားသွားပါတယ်။
ဧပြီလက အီရန်ရဲ့ အစ္စရေးကို ပစ်မှတ်ထားတိုက်ခိုက်မှုဟာ အမေရိကန်၊ အစ္စရေးနဲ့ မဟာမိတ်တွေရဲ့ ကြားဖြတ် ပစ်ချမှုကြောင့် ဆိုးရွားတဲ့ သက်ရောက်မှု မရှိခဲ့ပါဘူး။
Ref: shafaq
MKF-001








