မဲခေါင်၊ ဇူလိုင် ၅
ပြင်သစ်နိုင်ငံ အလယ်ခေတ် ရော်ကမာဒေါရွာလေးမှာ ကမ္ဘာလှည့်ခရီးသွား အများအပြားကို ဖမ်းစားနိုင်ခဲ့တဲ့ ဒဏ္ဍာရီပုံပြင်လာ ပြင်သစ်စစ်သူရဲကောင်း ရိုလန်ရဲ့ ကျောက်တုံးထဲ နှစ်ပေါင်း ၁၃၀၀ ထိုးစိုက်ထားတဲ့ သမိုင်းဝင် ဓားကြီး သူခိုးခိုးခံရလို့ ပျောက်ဆုံးနေကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
King Arthur ပြင်သစ် ဗားရှင်းလို့ တင်စားတဲ့ သူရဲကောင်းရိုလန်ရဲ့ ဓားဟာ ကျောက်တုံးတွေကိုတောင် တစ်ချက်တည်း ပိုင်းဖြတ်နိုင်တယ်လို့ ဆိုရိုးရှိပြီး ၁၁ရာစုက ကဗျာထဲမှာ ဒီအကြောင်း ထည့်သွင်းရေးဖွဲ့ထားရာမှာ မှော်ဝင်နေတဲ့ ဓား၊ စိန့်ပီတာရဲ့ သွား၊ စိန့်ဘာစီလ်ရဲ့ သွေး၊ စိန့်ဒီးနစ်ရဲ့ ဆံပင်နဲ့ ထုဆစ်ထားတဲ့ ဓားလို့ ဖော်ပြခဲ့ပါတယ်။


၈ ရာစုအတွင်းက ချာလီမန်ဂီစစ်ပွဲတွေမှာ နတ်သမီးပေးခဲ့တဲ့ ဓားနဲ့အောင်ပွဲဆင်ခဲ့တဲ့ ဓားကို သူရဲကောင်း ရိုလန် မသေဆုံးမီ ရန်သူတွေ မယူနိုင်အောင် ရှိသမျှ အားစိုက်ပြီး ၃၂ ပေမြင့်တဲ့ ကျောက်တုံးထိပ်မှာ စိုက်သွင်းရာမှာ မအောင်မြင်လို့ ဓားကို လေထဲ လွှင့်ပစ်လိုက်တော့မှ မိုင်ရာချီပျံသန်းပြီး ရိုကမာဒေါ ကျောက်စွန်းအငူပေါ် ပြန်စိုက်ဝင်သွားတာ ဒီနေ့အထိပဲလို့ ဆိုရိုးရှိပါတယ်။
ခုတော့မှ ရှေးဟောင်းအမွေအနှစ် ဓားကြီး ပျောက်ဆုံးသွားလို့ ရွာသူကြီးကတစ်ဆင့် ရဲကိုတိုင်ကြားရာမှာ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ဒီလပိုင်းအတွင်း ပြင်သစ်တစ်နိုင်ငံလုံး လူဆိုးဂိုဏ်းတွေ လမ်း ပေါ်သောင်းကျန်နေမှု၊ အကြမ်းဖက်မှုတွေဖြစ်ပွားနေခဲ့တာကြောင့် ဒုစရိုက်မှုလည်း ထူပြောလာလို့ သံသယ တရားခံရှာဖွေဖော်ထုတ်နိုင်ရေးဟာလည်း ခက်ခဲဖွယ်ရှိကြောင်း သုံးသပ်နေကြပါတယ်။
Ref:Thesun
MKF-001









