မဲခေါင်၊ ဇွန် ၂၂
ဗီယက်နမ်ကို ရောက်ရှိနေချိန်မှာ ရုရှားသမ္မတပူတင်က တောင်ကိုရီးယားအနေနဲ့ ယူကရိန်းဆီ စစ်လက်နက် အကူအညီတွေ ပေးပို့မယ်ဆိုရင် အမှားကြီးမှားသွားမှာ ဖြစ်ကြောင်း သတိပေး ပြောကြားလာပါတယ်။
ပူတင်ဟာ ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားနိုင်ငံကို ၂ ရက်တာ လာရောက် လည်ပတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားသမ္မတ ကင်ဂျောင်အန်နဲ့ နှစ်နိုင်ငံ စစ်ရေးမဟာမိတ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။
ဒီစာချုပ်အရ တစ်နိုင်ငံ တိုက်ခိုက်ခံရရင် ချက်ချင်းနောက် တစ်နိုင်ငံက စစ်ရေးပူးပေါင်း ကူညီမှု လုပ်ရမယ်လို့ သဘောတူလိုက်တာ ဖြစ်တဲ့အတွက် တောင်ကိုရီးယားအစိုးရဟာ ဆိုးလ်က ရုရှားသံမှူးကို ဆင့်ခေါ်ပြီး သတိပေးမှုတွေ လုပ်ခဲ့ပါတယ်။
တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး ချန်ဟိုဂျင်က ရုရှားနဲ့ မြောက်ကိုရီးယားရဲ့ စစ်ရေးမဟာမိတ် စာချုပ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုယ်တိုင် ပိတ်ပင်ထားတဲ့ မြောက်ကိုရီးယားကို စစ်ရေးကူညီမှုဖြစ်လို့ ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီအခြေအနေကြောင့် ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေဆီ သေစေနိုင်တဲ့ လက်နက်တွေ ပေးပို့တာမျိုး မလုပ်ဘူးဆိုတဲ့ မူဝါဒကို စွန့်လွှတ်လို့ တောင်ကိုးရီးယားအနေနဲ့ ယူကရိန်းဆီ စစ်ရေးအကူအညီတွေ ပေးဖို့စဉ်းစားနေကြောင်း ထုတ်ပြန်ပြောဆိုသွားပါတယ်။
ဒါကြောင့် ပူတင်က “ယူကရိန်းက တိုက်ပွဲဇုန်တွေဆီ သေစေနိုင်တဲ့ လက်နက်တွေ တောင်ကိုရီးယားက ပို့ပေးမယ်ဆိုရင်တော့ ဒါဟာ အမှားကြီးမှားတဲ့ လုပ်ရပ်ဖြစ်လိမ့်မယ်။ ဒီလိုမဖြစ်စေဖို့ မျှော်လင့်ပါတယ်။ ဖြစ်လာခဲ့ရင်လည်း ကိုယ့်ဘက်ကလည်း လေးစားသမှုရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရမှာပါပဲ။ ဒီဆုံးဖြတ်ချက်တွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို တောင်ကိုရီးယား ခေါင်းဆောင်တွေ နှစ်သက်မှာတော့မဟုတ်ဘူး” လို့ ရုရှားမီဒီယာ Sputnik သတင်းအေဂျင်စီ ကနေတစ်ဆင့် ထုတ်ပြန် ခြိမ်းခြောက်သွားပါတယ်။
Ref:rfa
MKF-001








