မဲခေါင်၊ ဇွန် ၂၂
ကျင်းပနေဆဲဖြစ်တဲ့ ယူရို ၂၀၂၄ ဘောလုံးပွဲတော် ကာလအတွင်း လူစုလူဝေးတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက် သတ်ဖြတ်ဖို့ စီစဉ်နေတဲ့ ISIS တစ်ယောက်ကို ဂျာမန်ရဲတပ်ဖွဲ့ က လက်ဦး ဖမ်းဆီးရမိခဲ့ပါတယ်။
ဂျာမနီနဲ့ ဟန်ဂေရီအသင်းတို့ ပွဲကစားအပြီး ဇွန် ၁၉ ရက်မှာ အက်စ်လင်ဂန်မြို့က နေအိမ်ထဲ မိုဟာမက်ကေလို့ အမည်ရတဲ့ အီရန်နိုင်ငံသားကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ထောက်လှမ်းရေး သတင်းထုတ်ပြန်ချက်အရ မိုဟာမက်အေ ဆိုသူဟာ ၂၀၁၆ ခုနှစ်ကတည်းက ISIS အဖွဲ့ထဲ ဝင်ရောက်ခဲ့ပြီး ၂၀၂၂ အောက်တိုဘာလမှာ ဂျာမနီနိုင်ငံထဲ ဝင်ရောက်လာသူဖြစ်ကြောင်း သိရှိရပါတယ်။



ပြီးခဲ့တဲ့တစ်ပတ်ကလည်း အသက် ၃၅ နှစ်အရွယ် ဆီးရီးယားနိုင်ငံသား အမျိုးသားတစ်ဦးကို ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အကြမ်းဖက် တိုက်ခိုက်ဖွယ် သံသယနဲ့ ဖမ်းဆီးခဲ့ပြီး ဒီလူဟာလည်း ၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ အထိ ဆီးရီးယားမှာ ISIS အဖွဲ့ထဲ ဝင်ထားသူ ဖြစ်တယ်လို့ ဆိုပါတယ်။
ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ယူရို ၂၀၂၄ ပွဲတော်ကာလအတွင်း ပရိသတ်တွေ များရာနေရာမှာ ISIS က အကြမ်းဖက်တိုက်ခိုက်ဖို့ အစီအစဉ်တွေ ချမှတ်ထားလို့ အနီရောင်အဆင့် သတ်မှတ်ထားကြောင်း ဂျာမန်ပြည်ထဲရေးဝန်ကြီး နန်စီဖေဆာက သတိပေး ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့က ယူရို ၂၀၂၄ FanZone မှာ အမျိုးသားတစ်ယောက် ပုဆိန်နဲ့ မိုလိုတော့ ပုလင်းကိုင်ပြီး အကြမ်းဖက် ရမ်းကားဖို့လုပ်နေလို့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး ခဲ့ရပါသေးတယ်။
ဇွန် ၁၄ ရက်ကလည်း မက်ဂ်ဒီဘန်မြို့မှာ ဓားကိုင်ရမ်းကားသူ အာဖဂန်နစ္စတန်နိုင်ငံသားတစ်ယောက်ကိုလည်း ပစ်ခတ်ဖမ်းဆီးခဲ့ရသေးပြီး ဘောလုံးပွဲကြည့်နေတဲ့ အိမ်နီးနားချင်းမိသားစုကို ဓားနဲ့ ဝင်တိုက်ခိုက်တာဖြစ်ကြောင်း သိရှိရပါတယ်။
ဇွန် ၁၅ ရက်နေ့ကလည်း ဘာလင်မြို့မှာ ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး အီတလီနဲ့ အယ်လ်ဘေးနီးယား ပွဲကစားနေတုန်း သေနတ်ပစ်ဖောက် ရမ်းကားနေလို့ ရဲတပ်ဖွဲ့က ခြေတွေ၊ လက်တွေကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီး ခဲ့ရပါသေးတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲကို နိုင်ငံခြားဘောလုံးပရိသတ် ၂ဒဿမ၇သန်း လာရောက်ကြည့်ရှုမယ်လို့ ခန့်မှန်းထားပြီး ISIS အကြမ်းဖက်မယ့် အကြံအစည်တွေကြောင့် အထူးလုံခြုံရေး တိုးမြှင့် ချထားမှုတွေကို ဂျာမန်ရဲတပ်ဖွဲ့ရော၊ နိုင်ငံတကာရဲတပ်ဖွဲ့ပါ ပူးပေါင်းဆောင်ရွက်နေပါတယ်။
Ref: lbc
MKF-001








