မဲခေါင်၊ မေ ၂၃
ဗြိတိန်ထိပ်တန်းစစ်ဗိုလ်ချုပ်ဟောင်း ရစ်ချက်ဘာရွန်နဲ့ The Sun သတင်းဌာနရဲ့ စစ်ရေးအယ်ဒီတာ ဂျရုန်း စတာကေးနဲ့ တွေ့ဆုံပြောကြားတဲ့ World at War ရှိိုးအစီအစဉ်မှာ ရုရှားက ယူကရိန်းကို ပစ်ခတ်တိုက်ခိုက် နေတဲ့ ဒုံးကျည်တွေနဲ့ ဗြိတိန်ရဲ့ မြို့တော်လန်ဒန်ကို ပစ်ခတ်လာရင် ခုခံပစ်ချဖို့ တတ်နိုင်မှာမဟုတ်ဘူးလို့ ရစ်ချက်ဘာရွန် က သုံးသပ်ပြောကြားသွားပါတယ်။
လက်ရှိ ရုရှားတပ်တွေ ယူကရိန်းကို ပစ်ခတ်တိုက်ခိုက်နေတဲ့ Kh-101 ဒုံးကျည်တွေဟာ ရုရှားပိုင်နက်ထဲကနေပဲ ၃၆၀ ဒီဂရီပတ်လည်ကို တစ်နာရီ မိုင် ၆၀၀ နှုန်းရှိတဲ့ အမြန်နှုန်းနဲ့ ပစ်ခတ်နိုင်တာကြောင့် လန်ဒန်မြို့ကိုလည်း မိနစ် ၉၀ အတွင်း အရောက်ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ ရစ်ချက်ဘာရွန်က ဆိုပါတယ်။
ဒီဒုံးကျည်ဟာ ပျံသန်းချိန် ၁၀ နာရီအထိရှိပြီး ပူတင်သာ အမိန့်ပေးခဲ့ရင် အလုံးပေါင်း ၆၀ ကနေ ၉၀ အထိ တစ်ပြိုင်တည်း လန်ဒန်ကို ကျရောက်လာနိုင်ကြောင်း၊ ယူကရိန်းမှာ နိုင်ငံတကာက ထောက်ပံ့ထားတဲ့ လေကြောင်းရန်ကာကွယ်ရေး ဒုံးဖျက်စနစ်တွေ အများအပြားရှိနေချိန် ဗြိတိန်မှာ ဒီလောက်မရှိလို့ တားဆီးနိုင်ဖို့ မဖြစ်နိုင်ကြောင်း၊ ဒုံးကျည်ဟာ ခေတ်နောက်ကျတယ်ပြောတာတောင် ကီလိုမီတာ ၂၈၀၀ အကွာကို ရုရှားနယ်ထဲက ကိုယ်ပျောက်လေယာဉ်ပေါ်ကနေ ပစ်ရင် မိနစ် ၉၀ သာကြာပြီး လန်ဒန်ကိုရောက်လာမှာဖြစ်ကြောင်း၊ အနီအောက် ရောင်ခြည်ရှောင်လွှဲနိုင်တဲ့ နည်းပညာထည့်သွင်းထားလို့ ရေဒါမိဖို့မလွယ်သလို ပေါက်ကွဲ အား ၅၀၀ ကီလိုဂရမ်ပါတဲ့ ထိပ်ဖူးနဲ့ ၂ မိတာအတွင်းပစ်မှတ်ကို တိကျစွာပစ်နိုင်လို့ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ် အိမ်တံခါးပေါက်အထိ ပစ်နိုင်တယ်လို့ ရစ်ချက်ဘာရွန်က သတိပေးပြောကြားသွားခဲ့ပါတယ်။
ရုရှားဟာ လက်ရှိမှာ ယူကရိန်းစစ်မြေပြင်ဆီကို ကီလိုမီတာ ၂၅၀၀ အကွာအဝေးအထိ ရေငုပ်သင်္ဘောကနေ ပစ်တဲ့ Kalibr ဒုံးကျည်တွေနဲ့လည်း ပစ်ခတ်နေပြီး ဒီဒုံးကျည်ဟာလည်း ဗြိတိန်အထိ ပစ်ခတ်နိုင်တဲ့အထဲပါဝင်ကြောင်းနဲ့ လက်ငင်းမှာတော့ ပစ်ခတ်လာစရာမရှိသေးပေမယ့် မကြာခင်ကာလအတွင်း အထူးသတိထားပြင်ဆင်သင့်တဲ့ ကိစ္စ လို့လည်း ရစ်ချက်ဘာရွန်က ဆိုပါတယ်။
MKF – 001
Ref:Thesun









