မဲခေါင်၊ မေ ၁၇
မေ ၁၅ ရက်မွန်းလွဲပိုင်းက ပြည်သူနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ထွက်လာမှုမှာ သေနတ်နဲ့ အနီးကပ် ၅ ချက် ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ဒီဖြစ်စဉ်ဟာ ဥရောပရဲ့ စည်းလုံးမှုကို နှစ်ပိုင်းခွဲဖို့ ရုရှား သမ္မတပူတင်ရဲ့ နောက်ကွယ်က လုပ်ကြံမှုဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သုတေသီ ဒေါက်တာကီဗင် ရိုင်လီးက သုံးသပ်ပြောဆိုသွားပါတယ်။
ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကို (၅၉ နှစ်)ဟာ ရုရှားထောက်ခံ ပူတင်ရဲ့ ဝါဒဖြန့်ပေးသူဖြစ်ပြီး ယူကရိန်းကို စစ်ရေးအထောက်အပံ့တွေပေးဖို့အရေးမှာ ကိဗ်မြို့ထဲ အေးချမ်းနေပြီးဘာစစ်မှမဖြစ်လို့ မပေးနိုင်ဘူးလို့ တုံ့ပြန်ခဲ့သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာရွေးကောက်ပွဲမှာ တတိယအကြိမ် ဝန်ကြီးချုပ် အဖြစ်ပြန်ရွေးချယ်ခံရပြီး လူဦးရေ ၅ . ၅ သန်းမှာ ရုရှားထောက်ခံသူအလွန်နည်းပါးတဲ့ ဆလိုဗက်ကီးယားမှာ အာဏာပြန်ရလာလို့ အံ့ဩစရာတွေဖြစ်ခဲ့ရသူပါ။
ဟာနီလိုဗာမြို့မှာ ဖီကိုကို အနီးကပ်လုပ်ကြံသူဟာလည်း ၇၁ နှစ်အရွယ် ဆလိုဗက်ကီးယားနာမည်ကြီး အမျိုးသားရေး ကဗျာဆရာ ဂျူရတ်စင်တူလာဖြစ်ပြီး သေနတ် ၅ ချက်ဟာ ဗိုက်၊ ခြေနဲ့လက်တွေကို ထိသွားလို့ အနီးအနားက ဆေးရုံကို ရဟတ်ယာဉ်နဲ့ သယ်ဆောင်လို့ ခွဲစိတ်ကုသနေရာမှာ အနည်းငယ်တည်ငြိမ်တဲ့အခြေ အနေရပေမယ့် သေဆုံးနိုင်ခြင်းရှိမရှိ အာမမခံနိုင်သေးတဲ့ အနေအထားမှာ ရှိနေသေးကြောင်း ဆလိုဗက်ကီးယား အစိုးရက ကြေညာခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ လုပ်ကြံသူ ကဗျာဆရာ ဂျူရတ်စင်တူလာဟာလည်း ကရင်မလင် အစိုးရနဲ့ လက်ပွန်းတတီးရှိတဲ့ ရုရှား ထောက်ခံသူဖြစ်တာကြောင့် ဒီနောက်ကွယ်မှာ ရုရှားသမ္မတပူတင်ဟာ နေတိုးနဲ့ အီးယူနိုင်ငံတွေကြား ရုရှားထောက်ခံနဲ့ ယူကရိန်းထောက်ခံ အင်အားစု သွေးခွဲဖို့ ကြံစည်တာဖြစ်နိုင်တယ်လို့ ဘရူနယ်တက္ကသိုလ် နိုင်ငံရေးနဲ့စစ်ရေးသုတေသီ ဒေါက်တာ ကီဗင်ရိုင်းလီက သုံးသပ်သွားခဲ့ပါတယ်။
ဒီလုပ်ကြံမှုအပေါ် အမေရိကန်သမ္မတအပါအဝင် ဥရောပနိုင်ငံကြီးတွေရဲ့ ခေါင်းဆောင်တွေကလည်း အကြမ်းဖက် မှု၊ လက်မခံနိုင်စရာ မကောင်းဆိုးရွားဆန်မှုလို့ အသီးသီးဝေဖန်ချက်ထုတ်ပြန်ခဲ့ချိန်မှာ ပူတင်ကိုယ်တိုင်ကလည်း ကြီးလေးတဲ့ ရာဇဝတ်မှုဖြစ်ကြောင်း၊ သူငယ်ချင်းဖြစ်တဲ့ ဖီကိုဟာ အင်မတန်စိတ်ဓာတ်ခိုင်မာရဲရင့်သူဖြစ်လို့ ဒီစိတ် ခွန်အားနဲ့ အသက်လုနေရမှုကနေ အောင်မြင်စွာလွတ်မြောက်ပါလိမ့်မယ်လို့ ထုတ်ပြန်သွားပါတယ်။
Ref:Thesun
MKF-001








