မဲခေါင်၊ ဖေဖော်ဝါရီ ၁၃
အာဏာရှင် ရုရှားသမ္မတပူတင်ရဲ့ စစ်မက်လိုလားပြီးပြင်ဆင်နေမှုကြောင့် နေတိုးအဖွဲ့ဝင် အိမ်နီးချင်း ၃ နိုင်ငံ ဖြစ်တဲ့ လတ်ဗီးယား၊ လစ်သူရေးနီးယားနဲ့ အက်စတိုးနီးယားနိုင်ငံတွေဟာ နယ်စပ်တစ်လျှောက် ရှည်လျှားလှတဲ့ ကတုတ်ကျင်းနဲ့ ဗုံးခိုကျင်းတွေကို စီမံကိန်းချမှတ်ပြီး တူးဖော်နေရပြီဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံဟာ ရုရှားက စစ်ကြေညာကာနီးကတည်းက နယ်စပ်တစ်လျှောက် ကတုတ်ကျင်းနဲ့ ဗုံးခိုကျင်း တွေတူးခဲ့တဲ့ မူအတိုင်း အက်စတိုးနီးယားဟာ ရုရှားနဲ့ နယ်စပ်ဂိတ်တွေဖြစ်တဲ့ မြောက်ပိုင်း နာဗာကနေ တောင်ပိုင်း ဗော်ရူနယ်စပ်ဂိတ်အထိ ဘန်ကာပေါင်း ၆၀၀ ကျော်တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်သလို လတ်ဗီးယား နဲ့ လစ်သူရေးနီးယားနိုင်ငံတွေကလည်း ရုရှားနယ်စပ်မှာ ဘန်ကာတွေ တူးဖို့ ပြိုင်တူ စီစဉ်နေကြပြီဖြစ်ပါတယ်။
ဒီ ၃ နိုင်ငံပေါင်း ဘန်ကာတွေအတွက် ကုန်ကျစားရိတ်ဟာ ယူရို သန်း ၆၀ (ပေါင် ၅၁ . ၂ သန်း) ရှိမယ်လို့ စီမံကိန်း ကုန်ကျစားရိတ်ကို တွက်ချက်ထားပါတယ်။
အက်စတိုးနီးယားကာကွယ်ရေးဝန်ကြီးက ရုရှားကျူးကျော်လာရင် ပထမဆုံး အနီကပ် မီတာ အကွာအဝေးမှာတင် ပထမဆုံးနာရီပိုင်းအတွင်း တွန်းလှန်တိုက်ခိုက်နိုင်ရေး အသင့်ဖြစ်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ယူကရိန်းကို ရုရှားစတင်ကျူးကျော်စဉ်က ဒီလို အသင့်မပြင်ထားနိုင်မိလို့ အချိန်တိုအတွင်း နယ်မြေဆုံးရှုံးမှုတွေ၊ ပြည်သူ သေဆုံးမှုတွေ၊ အချိန်နဲ့ ပစ္စည်းအရင်းအမြစ်တွေ ပိုမိုဆုံးရှုံးခဲ့ရတာ နမူနာဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီဘောလ်တစ် ၃ နိုင်ငံဟာ ရုရှားနဲ့ယှဉ်ရင် သေးငယ်လွန်းတဲ့ နိုင်ငံလေးတွေဖြစ်ပြီး နေတိုးအဖွဲ့ဝင်ဖြစ်လို့ အကာ အကွယ်ရှိတယ်ဆိုပေမယ့် ရက်ပိုင်းအတွင်း ရုရှားတပ်တွေ တိုက်ခိုက်လာခဲ့ရင် တွန်းလှန်ဖို့ခက်တာကြောင့် ဖင်လန်နိုင်ငံ နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ထားသလို ပြင်ဆင်ဖို့ လိုအပ်နေတာဖြစ်တယ်လို့ ဆူဆန်လိုင်လီ ဗာလီက ဆက်လက်ရှင်းပြခဲ့ပါတယ်။
နေတိုးအဖွဲ့ရဲ့ မဟာမိတ်ကာကွယ်ရေးစာချုပ်အရ တစ်နိုင်ငံထိရင် အဖွဲ့ဝင်နိုင်ငံအားလုံးမှာ ကာကွယ်ဖို့တာဝန် ရှိကြောင်း၊ ဥရောပရဲ့ ငြိမ်းချမ်းရေးကို အာမခံချက်မပေးနိုင်လို့ လက်ရှိအခြေအနေအရ ယူကေ၊ အမေရိကန်အပါ နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံး (၃၁ နိုင်ငံ) စစ်ပွဲကာလအဆင့် သတ်မှတ်ပြီး လက်နက်ခဲယမ်းများ စုဆောင်းသိုလှောင်ထားဖို့၊ ထုတ်လုပ်ဖို့ နေတိုးအထွေထွေအတွင်းရေးမှူး ယန်းစ်စတိုလ်တန်ဘာ့ဂ်က သတိပေးထုတ်ပြန်ခဲ့ပါတယ်။
Ref:TheSun
MKF-001
#MeKongNews
#ရုရှား
#ပူတင်
#နေတိုး
#ဗုံးခိုကျင်း








