မဲခေါင်၊ ဒီဇင်ဘာ ၆
ဒီဇင်ဘာ ၃ ရက် တနင်္ဂနွေနေ့က ပေါက်ကွဲခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားကျွန်းအနီးက မာရာပီ မီးတောင် ပေါက်ကွဲမှုကြောင့် သေဆုံးသူပေါင်း ၂၃ ဦးရှိပြီဖြစ်ကြောင်း ကယ်ဆယ်ရေးအသင်းက ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
မီးတောင်ပေါက်ကွဲချိန်မှာ တောင်တက်သမား အနည်းဆုံး ၅၀ အပါ စုစုပေါင်း ၇၅ ယောက်ဟာ တောင်ပေါ် ကိုရောက်နေကြတယ်လို့ သိရပေမယ့် မီးတောင်ပေါက်ပြီး နောက်တစ်ရက် အမြင့် ၂ မိုင်အထိရှိတဲ့ မီးခိုးပြာတွေ ကောင်းကင်ယံ ထိုးတက်နေလို့ ကယ်ဆယ်မှုလုပ်ငန်းတွေ ရပ်တန့်ခဲ့ရပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်တော့ လူ ၅ ဦး ရုပ်အလောင်းကို ရှာတွေ့နိုင်ခဲ့ပြီး နောက် ၁၈ ယောက်ကတော့ သေဆုံးမှာ သေချာတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သွားပါတယ်။
တောင်ပေါ်မှာ ပြာတွေ၊ ချော်ရေတွေထဲ ပိတ်မိနေတဲ့ သူတွေဟာ ဖုန်းကနေ အသက်ရှူကျပ်ပြီး လဲပြိုလုဖြစ်နေတဲ့ ဗီဒီယိုမှတ်တမ်းတွေကို အင်တာနက်ပေါ် တင်ခဲ့ကြလို့ မြင်ရသူအပေါင်း စိတ်မကောင်းဖြစ်ကြရပေမယ့် ရှာဖွေ ကယ်တင်နိုင်ရေးက မလွယ်ကူတဲ့အခြေအနေမှာရှိနေသေးပြီး ၂၀၁၁ နောက်ပိုင်း တတိယမြောက် အန္တရာယ်အရှိနိုင်ဆုံးမီးတောင်ပေါက်ကွဲမှုအဖြစ် သတ်မှတ်ကြောင်း အင်ဒိုနီးရှာ ကယ်ဆယ်ရေးအေဂျင်ဆီက ထုတ်ပြန်ပါတယ်။
မကြာခဏ ပေါက်ကွဲလေ့ရှိတဲ့ မာရာပီမီးတောင် ပေါက်ကွဲမှုသမိုင်းတစ်လျှောက် ၁၉၇၉ ဧပြီ လ ပေါက်ကွဲမှုဟာ လူအသေအပျောက်အများဆုံးဖြစ်ခဲ့ပြီး လူပေါင်း ၆၀ သေဆုံးခဲ့ရပါတယ်။
Ref:news.sky
MKF-001
#MeKongNews
#အင်ဒို
#မီးတောင်
#ပေါက်ကွဲ
#မာရာပီ
#သေဆုံး










