မဲခေါင်၊ နိုဝင်ဘာ ၃၀
နိုဝင်ဘာ ၃၀ ရက်နေ့ မူလ အပစ်အခတ်ရပ်စဲရေးသဘောတူထားမှု ကုန်ဆုံးဖို့ မိနစ်ပိုင်းအလိုမှ အစ္စရေးနဲ့ ဟားမက်စ်တို့ဟာ နောက်ထပ် ၂၄ နာရီ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီမှုရခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကြားက ငြိမ်းချမ်းရေးပွဲစားလုပ်ပေးတဲ့ ကာတာအစိုးရက အစ္စရေးဘက်က ပါလက်စတိုင်းအကျဉ်းသား တစ်ရက် အယောက် ၃၀ နှုန်းလွှတ်ပေးဖို့နဲ့ ဟားမက်စ်ဘက်က ပြန်ပေးဆွဲခဲ့တဲ့ ဓားစာခံတွေကို တစ်ရက် ၁၀ ယောက်နှုန်းပြန်လွှတ်ပေးဖို့ သဘောတူခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီလို အပစ်အခတ်ရပ်စဲဖို့ နိုဝင်ဘာ ၂၉ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ပါ အစ္စရေး ကို တိုက်ပွဲကာလအတွင်း ၃ ကြိမ်မြောက်အဖြစ် ရောက်လာခဲ့ပြီး ဓားစာခံတွေ ထပ်လွတ်ဖို့ အပစ်အခတ်ရပ်စဲမှု ရက်တိုးမြှင့်မှုတွေကို လိုလားကြောင်း အစ္စရေးထံ ဖိအားပေးတောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း အစ္စရေးနဲ့ဟားမက်စ်ကြား ပဋိပက္ခဟာ ဒေသတွင်းအထိ ပိုမိုကူးစက်လာခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းက ဂျေရူစလင်မြို့တော် အဝင် အဝေးပြေးလမ်းပေါ်မှာ လက်နက်ကိုင် နှစ်ယောက်ဟာ ဘတ်စ်ကား စောင့်နေတဲ့ လူအုပ်ထဲ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်လို့ ၇ ဦး ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရအခြေအနေကနေ ၁ ဦးသေဆုံးကြောင်းနဲ့ သေနတ်နဲ့ပစ်ခတ်သူ ၂ ယောက်စလုံးကိုလည်း အစ္စရေးလက်နက်ကိုင်တပ်ဖွဲ့က အသေ ပစ်သတ်ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်။
အစ္စရေးဘက်က ဖမ်းဆီးခံဓားစာခံတွေပြန်လွှတ်ရေးဆွေးနွေးမှုမှာ ဟားမက်စ်ဘက်က ၃ ယောက်ဟာ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီလို့ တုံ့ပြန်တဲ့အတွက် အပစ်အခတ်ရပ်စဲမှုကာလ ထပ်တိုးရေးဟာ နောက်ဆုံးအချိန်ရောက်မှ တစ်ရက်သာ ထပ်တိုးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အစ္စရေးဘက်က ဓားစာခံတွေ ပြန်လွှတ်ပေးနေသရွေ့ အပစ်အခတ်ရပ်ထားပြီး မလွှတ်တော့ရင် ဂါဇာကို ဆက်ပြီး ထိုးစစ်ဆင်လို့ ဟားမက်စ် ကို အပြုတ်တိုက်မယ်လို့ ကြွေးကျော်ထားပါတယ်။
Ref: abc7
MKF-001
#MeKongNews
#အစ္စရေး
#ဟားမက်စ်
#အပစ်ရပ်
#တစ်ရက်








