မဲခေါင်၊ သြဂုတ် ၂၅
ထောင်ဒဏ် ၈ နှစ်ချမှတ်ခံထားရပေမယ့် ကျန်းမာရေးအကြောင်းပြချက်ကြောင့် ဘန်ကောက် ဘူမိဘော ရဲတပ်ဖွဲ့ အထွေထွေဆေးရုံကြီးမှာ တင်ထားတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ပိုပြီးဇိမ်ရှိသလို မိသားစုနဲ့လည်း လွတ်လပ်စွာနေခွင့်ရနိုင်မယ့် မိသားစု ရှယ်ယာအများဆုံးပိုင် ပုဂ္ဂလိကဆေးရုံကြီးကို ပြောင်းတက်မယ်ဆိုတာ မဟုတ်ကြောင်းနဲ့ ပြောင်းရွှေ့ခွင့်ပေးမှာလည်း မဟုတ်ဘူးလို့ ထိုင်းတရားရေးဌာန ထိပ်တန်းအကြီးအကဲနဲ့ အကျဉ်းဦးစီးမှူးတို့က ရှင်းလင်းပြောကြားသွားပါတယ်။
သက်ဆင်ဟာ ၁၅ နှစ်ကြာပြည်ပထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး မိသားစု၊ သားမြေးတွေနဲ့ အမိနိုင်ငံမှာ ပြန်နေချင်လို့ ပြည်တော်ပြန်လာတယ်လို့ဆိုပြီး လေဆိပ်ကနေ တရားရုံးမှတစ်ဆင့် ဘန်ကောက် ရီမန်းထောင်ထဲကို ချက်ချင်းပို့ဆောင်ခံခဲ့ရပါတယ်။
ဒါပေမဲ့ ထောင်ထဲရောက်ပြီး တစ်ရက်မပြည့်ခင် ကျန်းမာရေးအခြေအနေက သွေးတိုး၊ နှလုံးနဲ့အဆုပ် အားနည်းမှုတွေကြောင့်လို့ဆိုပြီး ထောင်ဆေးရုံကနေ ရဲတပ်ဖွဲ့ အထွေထွေဆေးရုံကြီးဆီပိုဆောင်ကာ နေထိုင်ကုသနေရတဲ့နေရာက ဂေါက်ကွင်းကိုတောင် လှပစွာမြင်ရတဲ့ ၁၄ ထပ်က ဆေးရုံခန်းမှာလို့ သတင်းတွေထွက်ပေါ်လာပါတယ်။
ဒီသတင်းတွေကို အကျဉ်းဦးစီးဌာနက ငြင်းဆိုထားပြီး အသက် ၇၀ ကျော် အကျဉ်းသား အားလုံးတန်းတူပေးတဲ့ အခွင့်အရေးမျိုးပဲပေးတာဖြစ်ကြောင်း၊ ဓာတ်ပုံသက်သေမပြနိုင်ခြင်းက ဆေးရုံပေါ် ဓာတ်ပုံရိုက်ခွင့် မရှိတာကြောင့်ဖြစ်ကြောင်း ဦးစွာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
သက်ဆင်ဟာ မိသားစုပိုင် ဖာရာရမ် ၉ ပုဂ္ဂလိက ဆေးရုံးကြီးဆီ ထပ်မံလွှဲပြောင်းပြီး မိသားစု အိမ်ယာသဘောမျိုး နေထိုင်လိမ့်မယ်လို့သတင်းတွေ ထွက်ပေါ်လာရာမှာတော့ တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဆာဟာခန်ဖက်နာရင်နဲ့ ရီမန်းထောင်မှူး နက်ဆာသီးသောင်ပလက်တို့က သတင်းစာရှင်းလင်းပွဲ နှစ်ရပ်လုပ်ခဲ့ပါတယ်။
အဲ့ဒီ့ရှင်းလင်းပွဲတွေမှာ ထွက်ပေါ်နေတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်း၊ ဓာတ်ပုံမပြလို့ မယုံကြပေမယ့် ဆေးရုံထုံးစံအရ တခြားလူနာတွေရဲ့ ကိုယ်ရေး ကိုယ်တာကာကွယ်ခွင့်အတွက် ဓာတ်ပုံရိုက်ခွင့်မရှိလို့သာ မပြသတာဖြစ်ကြောင်း၊ ရဲဆေးရုံ သက်ဆင် ဆေရုံခန်း မှာလည်း အကျဉ်းဦးစီးအစောင့် ၄ ဦးကို အမြဲထားရှိစောင့်ကြည့်စေကြောင်း၊ ထောင်ဒဏ်စခံရပြီး ၅ ရက်အကြာ မှာ မိသားစုနဲ့တွေ့ဆုံ စကားပြောခွင့်ပေးတာမျိုးကတော့ အကျဉ်းသားတိုင်းရဲ့ အခွင့်အရေးဖြစ်တယ်လို့ ရှင်းလင်း ပြောကြားခဲ့ကြပါတယ်။
Ref: straitstimes
MKF-001
#MekongNews
#သက်ဆင်
#မိသားစုပိုင်ဆေးရုံ
#ထိုင်းအကျဉ်းဦးစီးမှူး
#တရားရေး








