မဲခေါင်၊ ဩဂုတ် ၂၂
အဂတိလိုက်စားမှုနဲ့စွဲချက်တွေတင်ခံရပြီး စစ်တပ်အာဏာသိမ်းလို့ ထိုင်းနိုင်ငံကနေ ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဒီကနေ့ (ဩဂုတ် ၂၂ ရက်) မနက်ပိုင်းမှာ ဒွန်မောင်းလေဆိပ်ကနေ ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်လာပြီးနောက် ထိုင်းနိုင်ငံတော်တရားရုံးချုပ်ကနေ မတူညီတဲ့စွဲချက် ၃ ချက်အရ စုစုပေါင်း ထောင်ဒဏ် ၈ နှစ်ကျခံရမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။
သက်ဆင်ကို ထောင်ဒဏ်ချမှတ်ကြောင်းတင်ပြထားတဲ့ စွဲချက် ၃ ခုက အာဏာအလွဲသုံးစားလုပ်မှု၊ နိုင်ငံခြား ချေးငွေထုတ်ပေးဖို့ နိုင်ငံတော်ဘဏ်ကို တရားမဝင် အမိန့်ပေးစေခိုင်းမှုနဲ့ အမည်စာရင်းတင်သွင်းသူများမှ တစ်ဆင့်အစုရှယ်ယာတွေကို တရာမဝင် ကိုင်ဆိုင်ခဲ့ခြင်းတွေကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြသွားပါတယ်။
သက်ဆင်ဟာ ဒွန်မောင်းလေဆိပ်ကို ထိုင်းစံတော်ချိန် မနက် ၁၀ နာရီမှာ ရောက်ပြီးပြီးချင်း ထိုင်းတရားရုံးချုပ်ကို သွားခဲ့ပြီး တစ်ပြိုင်နက်တည်းမှာပဲ ဖွေထိုင်းပါတီ ဦးဆောင်ပြီး စစ်တပ်ထောက်ခံပါတီတွေအပါ ၁၁ ပါတီ မဟာ မိတ်လုပ်လို့ ဝန်ကြီးချုပ်သစ်ရွေးကောက်ပွဲကို လွှတ်တော်ထဲမှာ ကျင်းပနေပါတယ်။
၁၁ ပါတီ ပူးပေါင်းမှုအရ ဖွေထိုင်းအဆိုတင်သွင်းတဲ့ ဝန်ကြီးချုပ်လောင်း သူဌေးကြီး ဆရတ်သာ သာဗီဆင်းဟာ ပြိုင်ဘက်မရှိ ရွေးကောက်ခံရ မှာဖြစ်ကြောင်းနဲ့ ၁၁ ပါတီ ပူးပေါင်းမှုအရ ၃၁၄ မဲရရှိမှာမို့ စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ၁၄၉ ယောက် ထဲက နောက်ထပ်ထောက်ခံမဲ ၆၁ မဲရရင် သာဗီဆင်းဝန်ကြီးချုပ်ဖြစ်လာမှာဖြစ်ပါတယ်။
ရှုပ်ထွေးနေတဲ့ ထိုင်းနိုင်ငံရေးအခြေအနေအရ သာဗီဆင်းဝန်ကြီးချုပ်ဖြစ်အပြီး ဖွေထိုင်းပါတီ အစိုးရဖွဲ့နိုင်ပြီးရင် သက်ဆင်ဟာ လွတ်ငြိမ်းချမ်းသာခွင့်ရရှိလာနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။
Ref: thestar
MKF-001
#MeKongNews
#သက်ဆင်
#ဖွေထိုင်းပါတီ
#တရားရုံးချုပ်
#လွှတ်တော်