မဲခေါင် ဇူလိုင် ၁၉
ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရရှိခဲ့တဲ့ ဒီမိုကရေစီပါတီ MFP ခေါင်းဆောင် ဖိထာလင်ဂျာရိုအန်ရတ် ကို ထိုင်းဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ဇူလိုင် ၁၉ ရက် မနက်ပိုင်းမှာပဲ လွှတ်တော်အမတ်အဖြစ်မှ ယာယီ ရပ်စဲလိုက်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဖိထာဟာ ၂၀၀၇ ခုနှစ်ကတည်းက ထုတ်လုပ်ပြသခြင်း မရှိတော့တဲ့ ITV ရုပ်သံရှယ်ယာတွေကို ဖခင်ကွယ်လွန်ပြီးနောက် အမွေဆက်ခံရရှိခဲ့ပြီး ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်အမတ်တစ်ယောက်ဟာ မီဒီယာပိုင်ဆိုင် မှုမရှိရလို့ ဖော်ပြထားတဲ့အတွက် စီရင်ချက် အပြီးမချခင်အထိ အမတ်တာဝန်ကနေ ယာယီရပ်စဲကြောင်း၊ ၁၅ ရက် အတွင်း အယူခံတင်သွင်းနိုင်ကြောင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဒီပြစ်ဒဏ်ကြောင့် ဖိထာဟာ လွှတ်တော်အမတ်အဖြစ် မဲပေးခွင့်ပါ ဆုံးရှုံးခဲ့ရပေမယ့် ဝန်ကြီးချုပ် လျှောက်ထားဖို့က လွှတ်တော်အမတ် ဖြစ်စရာမလိုတဲ့ သတ်မှတ်ချက်ကြောင့် ဒီကနေ ဒုတိယအကြိမ် ထိုင်းဝန်ကြီးချုပ်သစ် မဲပေးရွေး ချယ်မှုမှာ မဟာမိတ်ပါတီ ဖွေထိုင်းက ဦးဆောင်ပြီး ဖိထာကိုပဲ ဝန်ကြီးချုပ်အဖြစ် ထပ်မဲပေးရွေးချယ်ခံဖို့ တင်သွင်း ခဲ့ပါတယ်။
ဒီအဆို တင်သွင်းမှုကို ထိုင်းစံတော်ချိန် နံနက် ၉ နာရီ ၃၈ မိနစ်မှာ တင်သွင်းခဲ့တာဖြစ်ပြီး စစ်တပ်ခန့် အထက်လွှတ်တော်အမတ်တွေက အပြင်းအထန်ကန့်ကွက်မှုတွေ လုပ်လာကြပါတယ်။
ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ရဲ့ ယူနိုက်တက်ထိုင်းနေးရှင်းပါတီက မအောင်မြင်တဲ့ အဆိုတစ်ခုကို ပြန်လည် တင်သွင်းခြင်းမပြုရလို့ လွှတ်တော်စည်းမျဉ်းစည်းကမ်းတွေထဲ ပါဝင်နေမှုကို ကိုးကားပြီး ဖိထာကို ပြန်လည် အဆိုတင်သွင်းမှုအပေါ် ကန့်ကွက်ကြောင်း ချက်ချင်း တုံ့ပြန်ခဲ့ပါတယ်။
ဖိထာဟာ ဒုတိယအကြိမ် ဝန်ကြီးချုပ် ရွေးချယ်ခံမှုမှာ ပထမတစ်ကြိမ်ကထက် ၁၀ ရာခိုင်နှုန်း မဲပိုမရရင် တတိယ အကြိမ်မှာ ဝင်မပြိုင်တော့ဘဲ ဖွေထိုင်းပါတီက အဆိုတင်သွင်းထားတဲ့ ဆရတ်သာ သာဗီဆင်းကို ဝန်ကြီးချုပ် ရွေးချယ်ခံဖို့ ထောက်ခံအားပေးသွားမှာဖြစ်ကြောင်း ကတိပြုထားပါတယ်။
MKF-001
#MekongNews
#ဖိထာ
#လွှတ်တော်အမတ်
#ဝန်ကြီးချုပ်
Ref: bangkokpost