ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရန်နှင့် စည်းမျဉ်းခံဘုရင်စနစ် ပြုပြင်ပြောင်းလဲရန် ဆန္ဒပြသူများက လပေါင်းများစွာတောင်းဆိုနေသော်လည်း ထိုဆန္ဒပြမှုများအရေး ဖြေရှင်းရန် ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာ ကခေါ်ယူခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ရာထူးမှ နုတ်ထွက်မည်မဟုတ်ဟု ပရာရွတ်ကပြောသည်။
“ပြဿနာတွေကနေ ထွက်ပြေးမှာမဟုတ်ပါဘူး။ တိုင်းပြည်မှာပြဿနာတွေ ရှိနေတဲ့အချိန်မှာ ကျွန်တော့်တာဝန်ကနေ နုတ်ထွက်မှာမဟုတ်ပါဘူး”ဟု ယခင်ထိုင်းစစ်အစိုးရခေါင်းဆောင်က ပြောသည်။
ဇူလိုင်လလယ်မှ စတင်ကာ လူထောင်ချီဆန္ဒပြခဲ့ပြီး ထိုဆန္ဒပြမှုများသည် ထိုင်းဘုရင့်နန်းတော်နှင့် နီးစပ်သည့်ထိုင်းစစ်တပ်မှ အရာရှိများအတွက် ပြီးခဲ့သည့်နှစ်များအတွင်း အကြီးဆုံးစိန်ခေါ်မှုဖြစ်သည်။
ထိုင်းမင်းမျိုးမင်းနွယ်များကို ဝေဖန်နေပြီး ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် တောင်းဆိုနေသော်လည်း ထောက်ခံသူများကိုရော၊ ကန့်ကွက်သူများကိုပါ ထိုင်းဘုရင် မဟာဝီဇယလောင်ကွန်းက တစုံတရာတုံ့ပြန်ခြင်းမရှိချေ။
ယခုပြဿနာများကိုလေ့လာရန် ကော်မတီများဖွဲ့စည်းမည်ဟု ပရာရွတ်က ကတိပြုခဲ့သော်လည်း အားလုံးသည် ခေါင်းဆောင်များဖြစ်သည်ဟုဆိုကာ ဆန္ဒထုတ်ဖော်မှုများနှင့် ပတ်သက်၍ ဆန္ဒပြမှုများတွင် ခေါင်းဆောင်မရှိသဖြင့် မည်သူနှင့် ဆွေးနွေးရမည်ဟု မသိကြောင်းလည်း ပရာရွတ်ကပြောသည်။
ဆန္ဒပြမှုများကြောင့် ဘန်ကောက်မြို့တွင် အရေးပေါ် အခြေအနေကြေညာမှုအပြီး ယခုလအတွင်း လူသိများသောဆန္ဒပြခေါင်းဆောင်များ အပါအဝင် လူဒါဇင်ချီ ဖမ်းဆီးခံခဲ့ရသည်။
ထိုင်းဘုရင်ကို ထောက်ခံဆန္ဒပြသူများလည်း ရှိနေသည်။