သောကြာနေ့ညပိုင်းတွင် ထိုင်းရဲများက ဘန်ကောက်မြို့လယ်ရှိ ပသွန်ဝမ်လမ်းဆုံတွင် လူထောင်ဂဏန်းပါဝင်သည့် ဆန္ဒပြသူများကို မီးသတ်ပိုက်များဖြင့် လူစုခွဲခဲ့သည်။
ထိုလမ်းဆုံတွင် ည ၈ နာရီခွဲဝန်းကျင်၌ ဆန္ဒပြသူများကို ရဲများက အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီး စနေနေ့တွင် ဆန္ဒပြမှုများဆက်လုပ်သွားမည်ဟု ဆန္ဒပြခေါင်းဆောင်များက ကတိပြုထားသော်လည်း နေရာကိုလျှို့ဝှက်ထားသည်။
ခန့်မှန်းခြေလူ ၂၀၀၀ ခန့်ရှိသည့် ဆန္ဒပြသူများကို အဓိကရုဏ်းနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များနောက်တွင် ရပ်ထားသည့် ထရပ်ကားများမှ အရောင်များထည့်ထားသည့်ရေပန်းများဖြင့် ထိုးခဲ့ပြီး မျက်စိစပ်စေသည့် ဓာတုပစ္စည်းများပါသည်ဟု ဆန္ဒပြသူများကပြောထားသော်လည်း ပါဝင်ပစ္စည်းအတိအကျကို မသိရသေးချေ။
ဆန္ဒပြသူများက ဟောင်ကောင်ဒီမိုကရေစီအရေးဆန္ဒပြသူများကဲ့သို့ ရေပန်းများကို ထီးဖြင့်ကာခဲ့ပြီး အချို့က ရဲများကို ရေသန့်ဘူးများဖြင့် ပစ်ခတ်ခဲ့သည်။
မိုးပျံလမ်းမများပေါ်မှ စောင့်ကြည့်သူများကလည်း ထီးများပစ်ချပေးပြီး ဆန္ဒပြသူများကို ကူညီခဲ့သည်။
ရဲတပ်ဖွဲ့ဝင် ၄ ယောက်နှင့် ဆန္ဒပြသူ ၁၁ ယောက် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
တချိန်တည်းတွင် ပသွန်ဝမ်ခရိုင်တရားရုံးက ဆန္ဒပြခေါင်းဆောင် ၁၂ ယောက်ကို သောကြာနေ့မနက်ပိုင်းတွင် အတည်ပြုခဲ့သည့်အရေးပေါ်အခြေအနေကြေညာချက်ကို ချိုးဖောက်မှုဖြင့် ဖမ်းဆီးမိန့်ထုတ်လိုက်သည်။
အကယ်၍ ဖမ်းမိပါက ယခင်ဖမ်းဆီးထားသည့် ဆန္ဒပြခေါင်းဆောင်များရှိရာ ပသွန်သာနီခရိုင်ရှိ နယ်စပ်ကင်းလှည့်ရဲတပ်ဖွဲ့ဒေသ ၁ ရုံးတွင် ထိန်းသိမ်းထားမည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ဗုဒ္ဓဟူးနေ့တွင် စတင်သည့်ဆန္ဒပြပွဲများတွင် ခေါင်းဆောင်သူများနှင့်ပါဝင်သူများ စုစုပေါင်း ၅၁ ယောက်ကို အာမခံမပေးဘဲ ထိုင်းအစိုးရဘက်က ဖမ်းဆီးထားသည်ဟု ထိုင်းလူ့အခွင့်အရေးရှေ့နေများက ပြောသည်။
ဆန္ဒပြသူများက ဝန်ကြီးချုပ်နုတ်ထွက်ရေး၊ ထိုင်းတော်ဝင်မိသားစုပြုပြင်ပြောင်းလဲမှုများပြုလုပ်ရေးနှင့် အနာဂတ်တွင် အာဏာသိမ်းမှုများကို ထိုင်းဘုရင်ကထောက်ခံမှုမပြုရန်တို့ကို ဆက်လက်တောင်းဆိုနေကြသည်။