မဲခေါင်၊ သြဂုတ် ၁၀
၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲ ပြောင်းရွှေ့ရောက်ရှိလာသူပေါင်း ၅ သန်းအထိ ရှိလာခဲ့လို့ ဒီမြန်မာတွေရဲ့ စျေးကွက်လိုအပ်ချက်အရ မြန်မာပြည်တွင်းက စီးပွားရေးလုပ်ငန်းကြီးငယ် အများစု ထိုင်းမှာ အခြေချ လုပ်ကိုင်လာနေကြပြီဖြစ်ကြောင်း asia.nikkei က လေ့လာထုတ်ပြန်သွားပါတယ်။
ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) ရဲ့ နိုဝင်ဘာလအတွင်းက ထုတ်ပြန်ချက်မှာ ၂၀၂၃ ဧပြီလ ကနေ နိုဝင်ဘာလအတွင်း ထိုင်းမှာ ပုံမှန် ရွှေ့ပြောင်းလုပ်သားအရေအတွက် ၁ . ၉ သန်းရှိကြောင်း၊ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေပြဌာန်းလိုက်ပြီးနောက်ပိုင်း ထိုင်းကို တရားဝင်ရော၊ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေ အဖြစ်ရောက်လာသူပေါင်းဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဒီနေ့အချိန်အထိဆို ၅ သန်းအထိ ရှိတယ် လို့ ခန့်မှန်းထားပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံ နယ်စပ်မြို့တွေမှာသာမက မြို့တော်ဘန်ကောက်မှာပါ ရောက်ရှိနေတဲ့ မြန်မာပြည်သူတွေ အတွက် စျေးကွက်လိုအပ်ချက်ဟာ ကြီးမားလွန်းလာလို့ မြန်မာပြည်တွင်းက ထမင်းဆိုင်၊ မိုဘိုင်းဖုန်းပြင်ဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ လက်လီရောင်းချမှုလုပ်ငန်း စတဲ့ စီးပွားရေးလုပ်ငန်းငယ်တွေကနေ လုပ်ငန်းကြီးတွေအထိ အများအပြား ရွှေ့ပြောင်းအချေချ လာတာလို့ ဆိုပါတယ်။
မြန်မာပြည်တွင်းမှာ မြန်မာကျပ်ငွေ တန်ဖိုး သုံးစားမရ လောက်အောင် ကျဆင်းနေမှုနဲ့ ဘတ်စျေး၊ ဒေါ်လာစျေးကလည်း စံချိန်တင် မြင့်တက်နေပြီဖြစ်လို့ မတည်ငြိမ်တဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းတွေကို စွန့်ပစ်လို့ ထိုင်းမှာ အခြေချလာမှုတွေ တစ်ဟုန်ထိုးမြင့်တက်လာရတာဖြစ် ကြောင်း asia.nikkei က တင်ပြသွားပါတယ်။
ချင်းမိုင်တက္ကသိုလ် နိုင်ငံရေးသိပ္ပံနဲ့ပြည်သူ့အုပ်ချုပ်ရေးဌာန ကထိက ဆီရာဒါခီမာနစ်သက်သိုင်က ထိုင်းမှာ မြန်မာ နိုင်ငံက စားသောက်ဆိုင်၊ စျေးဆိုင်နဲ့ စားသုံးကုန်ဆိုင်တွေ အများအပြားတိုးပွားလာခြင်းဟာ ထိုင်းစျေးကွက် ရောင်းလိုအားကိုလည်း မြင့်တက်လာစေတာကြောင့် ထိုင်းအစိုးရအတွက် စီးပွားရေးမြင့်တက်မှုကို ဖြစ်စေသလို အခွန်အခရရှိမှုလည်းမြင့်တက်တာကြောင့် အိမ်ရှင်နိုင်ငံအတွက် အကျိုးရှိတယ်လို့ သုံးသပ်သွားပြီး မြန်မာက ပြောင်းရွှေ့အခြေချသူတွေ ထိုင်းစည်းမျဉ်းစည်းကမ်း၊ စာရွက်စာတမ်းများနဲ့အညီ လုပ်ဆောင်ဖို့သာ အရေးကြီး တယ်လို့ သုံးသပ်ပြောကြားသွားပါတယ်။
Ref: asia.nikkei
MKF-001










