တောင်းဆိုချက် (၆) ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို ချင်းမိုင်တက္ကသိုလ်ကျောင်းသား/သူများအဖွဲ့က အမေရိကန်သံရုံး အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေထံသို့ ဒီကနေ့ ပေးပို့ တောင်းဆိုလိုက်တာပါ။
စစ်ကောင်စီလက်အောက်ခံ စစ်ခုံရုံးက ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို နိုဝင်ဘာ ၃၀ ရက်နေ့က သေဒဏ် ချမှတ်ထားတဲ့အပေါ် သူတို့ရဲ့ အမြင်ကို ထုတ်ပြန် ပြောဆိုလိုက်တာပါ။
နိုင်ငံတကာ ဥပဒေတွေ အနေနဲ့ သေဒဏ်ချမှတ်တာကို အတိအပ တားမြစ်မထားပေမယ့် ကမ္ဘာ့ရေစီးကြောင်း အရ လူသားတွေရဲ့ အသက်ရှင်သန်ခွင့်က အရေးပါတာကြောင့် သေဒဏ်ကို ကမာ့္ဘနိုင်ငံတွေက ရှောင်ရှားလေ့ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဒဏ်ကို ပယ်ဖျက်သင့်ပြီး နိုင်ငံရေး သဘောထား ကွဲလွဲမှုတွေကြောင့် မစတေးသင့်ဘူးလို့လည်း ချင်းမိုင်တက္ကသိုလ် ကျောင်းသား/သူများအဖွဲ့က ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံ တရားရုံးက တက္ကသိုလ် ကျောင်းသား ၇ ဦးနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားမှုကြောင့် သေဒဏ်ချမှတ်ခံရသူတွေကို သေဒဏ်က ကင်းဝေးစေဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ဖိအားပေးဖို့ သူတို့က တောင်းဆိုထားပါတယ်။
နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ တရားစီရင်ရေး ကိစ္စရပ်တွေမှာ ပွင့်လင်းမြင်သာစေဖို့၊ မြန်မာ စစ်အစိုးရကို စစ်ရေး၊ စီးပွားရေး ထောက်ပံ့မှုတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ လူသားခြင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပေးပို့ရာမှာ စစ်ကောင်စီက တဆင့် မဟုတ်ဘဲ မြန်မာပြည်သူတွေ လက်ထဲ တိုက်ရိုက် ရောက်ရန် သေချာစေဖို့ စတဲ့ အချက်တွေကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထင်ရှားတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ၈၈ မျိုးဆက် ခေါင်းဆောင် ဦးကျော်မင်းယု (ခ) ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် အပါအဝင် အရပ်သား ၂ ဦးဖြစ်တဲ့ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ ၄ ဦး စစ်ခုံရုံးက သေဒဏ် အမိန့်ချမှတ်ပြီးနောက် ကြိုးမိန့်ပြစ်ဒဏ်ပေး သတ်ဖြတ် ခဲ့တယ်လို့ ဇူလိုင် ၂၅ ရက်နေ့ထုတ် စစ်တပ်အာဘော် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။