မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ်မှာ ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်က ပျောက်ဆုံးသွားတဲ့ အသက် ၅ နှစ်အရွယ် မောင်ဇွဲဝေယံထွန်းကို ဘေးချင်းကပ်တိုက်ခန်းမှာ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဲဒီလို ပြန်တွေ့တာကြောင့် ကလေးငယ်ကို နေအိမ်မှာ ၅ ရက်ကြာ ခေါ်ယူထားတဲ့ အမျိုးသမီးကို မန္တလေးမြို့ အမှတ် (၃) နယ်မြေ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေပြီး အမှုစစ်ဆေးနေဆဲဖြစ်လို့ ဖြစ်စဉ်အသေးစိတ် မသိရှိရသေးဘူးလို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
“ သိရသလောက်တော့ ဘေးခန်းက မအိ ဆိုတဲ့ အမျိုးသမီးက ခေါ်ထားတာ။ ကလေးပျောက်တဲ့ အိမ်ကို အဲ့မိန်းမ ဒီရက်ပိုင်း ဂဏာမငြိမ်ဖြစ်နေလို့ ဝင်စစ်ကြည့်ပါလားဆိုပြီး ဖုန်းဆက်တာတွေ ရှိတယ်။ ကလေးမိဘတွေ တိုက်ခန်းထဲဝင်ရှာတော့ အပေါ်ထပ်မှာ ကလေးကို စောင်နဲ့ပတ်ပြီး ထားတာတွေ့လို့ ပြန်ခေါ်လာတယ်။ ရဲစခန်းမှာ လူပျောက်မှု ဖွင့်ထားတော့ ရဲကို အကြောင်းကြားတာပေါ့။ ခုတော့ ကလေးခေါ်ထားတဲ့ အမျိုးသမီးကို စခန်းက ခေါပြီး စစ်နေတယ်” လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ကလေးငယ်ကို ပြန်တွေ့ပြီလို့ ဖခင်ဖြစ်သူ ဦးဟန်မျိုးဝင်းက သူရဲ့ လူမှုကွန်ရက်မှာ တင်ထားပြီး နိုင်ငံတဝှမ်းက ကလေးကို စေတနာမေတ္တာထားပြီး ပြန်တွေ့ဖို့ ဝိုင်းဝန်းဆုတောင်းပေးကြတဲ့ ကျေးဇူးရှင် မိဘပြည်သူ အားလုံးကို ကျွန်တော် ကျွန်မတို့နဲ့ သားသားလေးတို့က ကျေးဇူးတင် ကန်တော့ပါတယ်။ သားသားလည်း စိတ်ရောကိုယ်ပါ ကျန်းကျန်းမာမာ ရှိပါတယ်လို့ ရေးသားထားပါတယ်။
“ ခုလူတွေက ဘေးခန်းကနေ ပြန်တွေ့တော့ ဘယ်လိုဖြစ်တာလဲ သိချင်တာ။ ကာယကံရှင်တွေက ဘာမှမပြောတော့ ဘာလဲပေါ့ ဆိုပြီး ဖြစ်နေကြတာ” လို့ အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက မှတ်ချက်ပြုပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမြို့မှာ ၁၃ နှစ်အရွယ် မိန်းခလေးတစ်ဦးလည်း ပျောက်ဆုံးခဲ့ပြီး လက်ရှိအချိန်အထိ ပြန်မတွေ့သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။