“ ဝ” ပြည်နယ်၊ ဝိန်းကောင်မြို့မှာ ငွေလိမ်အလုပ် မလုပ်နိုင်တဲ့ စစ်ကိုင်းတိုင်းက ဗမာ ၅ ဦး အစာ မစားရဘဲ တိုက်ပိတ်နှိပ်စက်ခံနေရတယ်လို့ Wa News Agency က ဒီနေ့မှာ ဖော်ပြထားပါတယ်။
ဝိန်းကောင်မြို့၊ ချွမ်းနိမ်ဖျော်ဖြေရေး ဆောက်လက်စ အရှေ့ဘက်၊ ဟွာထိုင်လုံကုမ္ပဏီ၊ အခန်း ၄၁၄ မှာ Agent ကနေတဆင့် အလုပ်လာရောက်လုပ်ကိုင်တဲ့ ဗမာလူငယ်တွေ နှိပ်စက်ခံနေရတာပဲ ဖြစ်ပြီး ဒီဇင်ဘာလ၊ ၁၁ရက်၊ ညပိုင်းကစပြီး ၎င်းလူငယ်တွေကို အစာရေစာ မကျွေးတေ့ာဘဲ တိုက်ပိတ်ချုပ်နှောင်ထားပြီး လုံခြုံရေးချကာ တင်းကြပ်ထားတယ်လို့ သိရပါတယ်။
အဲ့ဒီလူငယ်တွေကို Agent တစ်ခုက ပုံမှန်အလုပ်သာ လုပ်ကိုင်ရမည်ဆိုပြီး လိမ်လည်ကာ ခေါ်ဆိုခဲ့တဲ့အတွက် စက်တင်ဘာလက အလုပ်လုပ်ဖို့ ရောက်ရှိလာခဲ့တာလို့ တိုက်ပိတ်နှိပ်စက်ခံရတဲ့သူထဲမှ တစ်ဦးက ပြောပါတယ်။
“ ဟိုရောက်တော့လည်း (၆)လသက်တမ်းကြာ စာချုပ်ချုပ်ဆိုကြရတယ်။ စာချုပ်ထဲမှာပါတဲ့ မြန်မာတွေကို မနှိပ်စက်ဘူးဆိုတဲ့ အချက်ကြောင့် သဘောတူ လက်မှတ်ထိုးခဲ့ကြတာပါ။ အလုပ်ကလည်း လိမ်စား(ကျားဖြန်)အလုပ် ဖြစ်မယ်မှန်းမထင်ထားခဲ့ဘူးလေ” လို့ သူက ပြောပါတယ်။
နှိပ်စက်ခံရတဲ့လူငယ်တွေဟာ ကုမ္ပဏီမှာ အောက်တိုဘာလကတည်းက အလုပ်ကို လုပ်ပေးခဲ့ပေမဲ့ အခုချိန်ထိ လစာမရရှိသေးသလို သူတို့ရဲ့လက်ကိုင်ဖုန်းတွေကိုလည်း သိမ်းဆည်းထားပြီး ဘယ်သူနဲ့မှ အဆက်အသွယ်မရအောင် ဖုန်းထဲက ကိုယ်ရေးကိုယ်တာတွေကိုပါ ထိန်းချုပ်ခံနေရတယ်လို့ သိရပါတယ်။
အခုလို တိုက်ပိတ်နှိပ်စက်ခံနေရတာကို ဖမ်းခံထားရတဲ့သူတွေထဲမှ လူငယ်တစ်ဦးက လျှို့ဝှက်ကိုင်တဲ့ ဖုန်းနဲ့ မိသားစုတွေထံ ဆက်သွယ်လို့ သိရတာဖြစ်ပါတယ်။
ဖမ်းဆီးခံထားရတဲ့အထဲမှာ စစ်တပ်အသိုင်းအဝိုင်းကသူတွေလည်း ပါဝင်တယ်လို့ Wa News Agency က ဖော်ပြပါတယ်။