ရန်ကုန်တိုင်း၊ သင်္ဃာန်းကျွန်းမြို့နယ်၊ နှင်းဆီကုန်း ရပ်ကွက်မှာ နိုဝင်ဘာ ၃ ရက်၊ နေ့လည်ပိုင်းက အသက် ၃ နှစ်အရွယ် မိန်းကလးငယ် တစ်ဦး ပျောက်ဆုံးခဲ့ပါတယ်။
ကလေးငယ် ပျောက်ဆုံးခဲ့တဲ့နေ့ဟာ သူမရဲ့ ၃ နှစ်မြောက် မွေးနေ့ဖြစ်ပြီး မိဘတွေက မွေးနေ့ အမှတ်တရ အဖြစ် ရွှေနားကပ်ဝယ်ကာ ကလေးကို ဝတ်ပေးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
“ ညနေ ပြန်မလာတော့ လိုက်ရှာကြတာတယ်။ ဖေစ့်ဘွတ်မှာလည်း ကြော်ငြာပြီး ရှာတယ်။ ဓာတ်ပုံတွေကပ်ပြီး ရှာကြတယ်။ ကလေး အလောင်းကိုတော့ နိုဝင်ဘာ ၉ ရက်နေ့မှာ ဘုန်းကြီး ကျောင်းသွားတဲ့ လမ်းကြားမှာ တွေ့တယ်။ အလောင်းကပုပ်ပြီး အရိုးတွေတောင် ထွက်နေပြီ” လို့ သူကပြောပါတယ်။
ကလေးငယ်ကို သတ်ဖြတ်ခဲ့သူမှာ တစ်ရပ်ကွက်ထဲ နေထိုင်တဲ့ အသက် ၂၀ ဝန်းကျင်ရှိ အမျိုးသမီး ဖြစ်ပြီး ကလေးငယ် အလောင်းပေါ်တဲ့ နေ့မှာပဲ ဖမ်းမိခဲ့တယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
“ သတ်တဲ့ ကောင်မလေးက ရပ်ကွက်ထဲမှာ အဝတ်တွေလိုက်လျှော်တယ်။ ဆေးသုံးတယ်လို့လည်း ကြားတယ်။ ကလေးကိုခေါ်ပြီး နားကပ်ချွတ်တယ်။ ပြန်လွှတ်လိုက်ရင် မိဘတွေသိမှာစိုးလို့ ရိုက်သတ်တာ။ မသေတော့ ရေနစ်သတ်လိုက်တာလို့ ပြန်ဖြေတယ် ပြောတယ်။ သူက ကလေးအလောင်းရှိတဲ့ နေရာကို နေ့တိုင်းသွားတော့ ရဲနဲ့ ရပ်ကွက်ကလူတွေက မင်္သကာလို့ စေါင့်ကြည့်နေတာ။ သူကိုယ်တိုင်လည်း သတ်တယ်လို့ ဝန်ခံပါတယ်” လို့ သူကပြောပါတယ်။
သေဆုံးခဲ့တဲ့ အသက်သုံးနှစ်အ ရွယ် ကလေးငယ် ပျောက်ဆုံးခဲ့ပြီး နောက် လူပျောက် ကြော်ငြာနဲ့ ရဲစခန်းမှာ လူပျောက်မှုဖွင့်ပြီး တစ်ပတ်အကြာမှာ ကလေးငယ် အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး လူသတ်မှု ကျူးလွန်သူ အမျိုးသမီးကိုပါ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။