မဲခေါင်၊ မတ် ၁၉
နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့-မ.ဘ.သ ကို ထောက်ခံ သူတွေ၊ ဘုန်းကြီးတွေစုပြီး ရမည်းသင်းထောင်မှာ အကျဉ်းကျနေတဲ့ စိုးထွန်းရှိန် ကို ပြန်လွှတ်ပေးဖို့ ဒီကနေ့ လက်မှတ်ရေးထိုး နေကြပြီး စစ်ကောင်စီကို ပေးပို့ တောင်းဆိုဖို့ ပြင်ဆင်နေကြတယ်လို့ စုံစမ်း သိရှိရပါတယ်။
လယ်ဝေးမြို့နယ် ဓမ္မသုခ ဘုန်းကြီးကျောင်းမှာ မ.ဘ.သ ကို ထောက်ခံအားပေး သူတွေ၊ ဘုန်းကြီးတွေ စုဝေး လက်မှတ်ထိုးပြီး နိုင်ငံ့ဘဏ္ဍာ ရွှေ ၁,၂၉၃ ပိဿာ ပေးသွင်းဖို့ ပျက်ကွက်နေဆဲ ဖြစ်တဲ့ မ.ဘ.သ ပင်တိုင် အလှူရှင် စိုးထွန်းရှိန်ကို ပြန်လွှတ်ပေးဖို့ ဒီကနေ့ မနက် ၁၀ နာရီခန့်က လက်မှတ်ထိုးပြီး စစ်ကောင်စီကို ပေးပို့ တောင်းဆိုသွားမယ်လို့ သိရပါတယ်။
အစွန်းရောက် မ.ဘ.သ အလှူရှင် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ စိုးထွန်းရှိန်ကို နိုင်ငံ့ဘဏ္ဍာ ရွှေပိဿာချိန် ၁,၂၉၃ ပေးသွင်းဖို့ ပျက်ကွက်မှုနဲ့ ရဲတပ်ဖွဲ့က ဝရမ်းထုတ်ခဲ့ကာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလက ထိုင်းနိုင်ငံ၊ ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မယ်ဆိုင် ဘက်ကနေ တာချီလိတ်နယ်စပ်က တစ်ဆင့် မြန်မာဘက် ပြန်လွှဲပေးခဲ့ပါတယ်။
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာရှိတဲ့ ဧက ၆,၀၀၀ ကျော်ကျယ်တဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက်ကြီးကို စစ်တပ် ကျောထောက်နောက်ခံ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်မှာ နိုင်ငံတော်နဲ့ “ရွှေသတ္တု ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် လုပ်ငန်း သဘောတူစာချုပ်’’ ချုပ်ဆိုပြီး ရွှေတူးဖော်ရေး လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တာပါ။
စာချုပ်မှာ ဘယ်လို အခြေအနေမဆို နိုင်ငံတော်ကို ပေးသွင်းရမဲ့ ရွှေပိဿာချိန် ပမာဏာကို ပေးသွင်းရမယ် ဆိုပြီး ပါပေမဲ့ စိုးထွန်းရှိန်က ပေးသွင်းဖို့ ပျက်ကွက်ခဲ့ပြီး ရွှေတူးဖော်ရေးလုပ်ငန်း ကနေ မျှော်လင့်သလောက် မထွက်လို့ ဆိုတဲ့ အကြောင်းပြချက် ပေးခဲ့ပါတယ်။
ဒါ့ကြောင့် NLD အစိုးရတက်လာပြီး ၂၀၁၇ ခုနှစ်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ ၇ လကြာ စစ်ဆေးခဲ့ပြီးနောက် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီဟာ စာချုပ်ပါ အချက်အလက်အတိုင်း ပေးသွင်းနိုင်တဲ့ အခြေအနေ ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရက ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာမှာ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီကို မိုးထိမိုးမိ ဒေသမှာ ရွှေတူးဖော်ရေး လုပ်ငန်းတွေ ဆက်မလုပ်ဖို့ အကြောင်းကြားခဲ့ပေမဲ့ ဆက်လက် လုပ်ကိုင်နေတာကြောင့် ၂၀၁၈ နှစ်ဆန်းပိုင်းမှာ အစိုးရက စိုးထွန်းရှိန် အပါအဝင် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ထိပ်တန်းအရာရှိ တွေကို အမှုဖွင့် တရားစွဲဆိုရာ အမှုမရင်ဆိုင်ဘဲ ထွက်ပြေးတာကြောင့် ရဲတပ်ဖွဲ့က ဝရမ်းပြေးအဖြစ် ကြေငြာပြီး တစ်နှစ်ကျော်ကြာ တိမ်းရှောင် နေခဲ့ကြပါတယ်။
တိမ်းရှောင်နေရင်း ၂၀၁၉ ခုနှစ်၊ မတ်လမှာ မြန်မာနိုင်င်သား တစ်ဦးက ထိုင်းနိုင်ငံ၊ ဘန်ကောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တွေ့တယ်လို့ သတင်းဌာန တစ်ခုကို သတင်းပေးခဲ့ပြီး အဆိုပါ သတင်းဌာန ဖော်ပြမှုကြောင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးကာ မြန်မာနိုင်ငံကို လွှဲပေးခဲ့ပါတယ်။
အဲဒီလို အဖမ်းခံရပြီးနောက် ရမည်းသင်း မြို့နယ် တရားရုံးမှာ တရားစွဲကာ ရမည်းသင်း အကျဉ်းထောင်မှာ ချုပ်နှောင်ထားခဲ့တာပါ။
၂၀၂၁ ခုနှစ် စစ်တပ်က NLD အရပ်သား အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် စစ်တပ်နဲ့ ပနံသင့်တဲ့ အစွန်းရောက် မ.ဘ.သ အဖွဲ့နဲ့ အမျိုးသား ကြီးပွားရေး ကုမ္ပဏီက စစ်ကောင်စီထံ အသနားခံစာခဲ့ပေမယ့် ပြန်လည် တုံ့ပြန်ထားတာ မရှိသေးပါဘူး။
ဒါပေမဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်၊ မေလ အတွင်းထောင်ဒဏ် ၁၀ နှစ်အထိ ကျနိုင်တဲ့ သတ္ထုတွင်း ဥပဒေပုဒ်မ ၃၀-က(၁) အမှုကို ပြန်လည် ရုပ်သိမ်းပေးခဲ့ပြီး ထောင် ၇ နှစ်အထိ ချနိုင်တဲ့ ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပါ ပုဒ်မ (၃) ကိုတော့ ထောင်တွင်းကနေ တရား ဆက်လက် ရင်ဆိုင်နေရပါတယ်။
အဲဒီလို တရားရင်ဆိုင်နေရပေမယ့် စစ်တပ်ပိုင် MEC ကုမ္ပဏီနဲ့ အမျိုးသား ကြီးပွား တိုးတက်ရေးကုမ္ပဏီတို့ မိုးထိမိုးမိ ရွှေလုပ်ကွက်ကို အကျိုးတူ လုပ်ကိုင်ဖို့ ဆွေးနွေးနေကြပြီး အကျိုးအမြတ် ခွဲဝေမှုဆိုင်ရာ အသေးစိတ်ကို ဆက်လက် ဆွေးနွေးနေဆဲပဲလို့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် စိုးထွန်းရှိန် ထောင်ကနေ ပြန်လွတ်လာမှာလား ဆိုတာ သို့လောသို့လော ဖြစ်နေတာပါ။
စိုးထွန်းရှိန်ဟာ မျိုးစောင့် ဥပဒေကို ကြိုဆို ထောက်ခံသူဖြစ်ပြီး အစွန်းရောက် မ.ဘ.သ အဖွဲ့ရဲ့ ပင်တိုင် အလှူရှင်လည်း ဖြစ်တာကြောင့် မ.ဘ.သ အဖွဲ့ဝင်တွေကတော့ လွတ်မြောက်စေချင် နေကြပါတယ်။
စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေ ကတော့ စိုးထွန်းရှိန် ကို ပြန်လွှတ်ပေးဖို့ ဆော်သြနေကြပြီး စစ်ကောင်စီဘက်ကတော့ လတ်တလော တုံ့ပြန်တာ မတွေ့ရသေးပါဘူး။
MK-007
#မ.ဘ.သ