ရန်ကုန်တိုင်း၊ တာမွေမြို့နယ် အခွန်လွတ်ဈေး အနီး Tri Star hotel ရှေ့ရှိ တိုက် ၅ လွှာပေါ်ကနေ ဒဏ်ရာတွေ ရရှိထားတဲ့ အမျိုးသား တစ်ဦး တွန်းချခံရမှု ဖြစ်ပွားခဲ့ပါတယ်။
ယမန်နေ့ နိုဝင်ဘာ ၁၀ ရက် ည ၉ နာရီခွဲကျော်က တိုက်ပေါ်က အမျိုးသား တစ်ဦး ပြုတ်ကျခဲ့တဲ့ အတွက် ပတ်ဝန်းကျင်က ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့ပေမယ့် ရဲတွေ ချက်ခြင်း ရောက်မလာဘူးလို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
“ တိုက်ပေါ်က စလွယ်အိတ်လွယ် ပုဆိုးဝတ်ထားတဲ့ ယောကျ်ား တစ်ယောက် ပြုတ်ကျလာတာ။ မျက်နှာကလည်း ထိုးခံထားရပြီး လက်မှာလဲ ပြတ်ရှဒဏ်ရာ တွေ့တယ်။ ပြုတ်ကျတာ မဟုတ်ပဲ တိုက်ပေါ်က တွန်းချလိုက်တာလို့ ပြောတယ်” လို့ သူကပြောပါတယ်။
တိုက်ပေါ်က ပြုတ်ကျခဲ့မှု ဖြစ်ပြီးနောက် ရဲစခန်းကို ပတ်ဝန်းကျင်က ဖုန်းဆက် အကောင်းကြားခဲ့ ပေမယ့် ဧည့်စာရင်းစစ်နေတဲ့ အတွက် မလာနိုင်သေးဘူးလို့ ပြန်လည် ပြောဆိုခဲ့တယ်လို့ ရပ် ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
၅ လွှာ တိုက်ပေါ်က တွန်းချခဲ့သူကို ဖမ်းဆီးရမိခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ အမျိုးသားကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ကူညီကယ်ဆယ်ရေးအသင်းမှ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း အခုလို တွန်းချရတဲ့ အရောင်းအရင်းကို မသိရသေးကြောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။
ယခုအမှုနဲ့ ပတ်သက်ပြီး တာမွေ ရဲစခန်းကို မေးမြန်းခဲ့ ပေမယ့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ကို သွားရောက် မေးမြန်းဖို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။