ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ဒီကနေ့ မနက်အစောပိုင်းအချိန်က စကားများရန်ဖြစ်ရာကနေ ထိုင်ဝမ် နိုင်ငံသားတစ်ဦးမှ မြန်မာနိုင်ငံသားတစ်ဦးကို ပစ်သတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ J MY King ဟိုတယ်ရှေ့၊ Top One ကလပ်နဲ့ ကပ်ရက်ရှိ နေအိမ်တစ်အိမ်မှာ ဒီကနေ့ မနက် ၆ နာရီဝန်းကျင်အချိန်ခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေအိမ်အတွင်းမှာ အိမ်ပိုင်ရှင်ဖြစ်သူ မြန်မာနိုင်ငံသားနဲ့ ဧည့်သည်ဖြစ်သူ ထိုင်ဝမ်နိုင်ငံသားတစ်ဦးတို့ အချင်းချင်းစကားများရန်ဖြစ်ရာကနေ ထိုင်ဝမ်နိုင်ငံသားက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အိမ်ရှင်ဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခဲ့သူ ထွက်ပြေးတိမ်းရှောင်သွားပြီး အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မြန်မာ-ထိုင်း-လာအိုနယ်စပ် ရွှေတြိဂံဒေသ၊ တာချီလိတ်မြို့မှာ တရားမဝင်လုပ်ငန်းများစွာနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို စစ်ကောင်စီလက်အောက်ခံ ဒေသခံ အာဏာပိုင်တွေက ခွင့်ပြုပေးထားတာကြောင့် ပစ်ခတ်မှုတွေနဲ့ ဒုစရိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။