မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေ ဘုံကျောင်းလမ်းမှာ ယနေ့ မနက် ၄ နာရီကျော်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ယနေ့ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး သုံးဦး သေဆုံးခဲ့တယ်လို့ သွားရောက် ကူညီကယ်ဆယ်ခဲ့သူ တစ်ဦးက ပြောပါတယ်။
“ သေသွားတဲ့ လေးယောက်က မိသားစု တစ်စုထဲကပါ။ အိမ်မှာ ခြောက်ယောက်ရှိတာ နှစ်ယောက်တော့ လွတ်သွားတယ်။ မီးငြိမ်းတော့ နှစ်ယောက်က မီးလောင် သေဆုံးတယ်။ နှစ်ယောက်ကတော့ ရေချိုးခန်းထဲ သေနေတာ တွေ့ရတယ်” လို့ သူကပြောပါတယ်။
တစ်နာရီကျော်ကြာ လောင်ကျွမ်းခဲ့တဲ့ ဒီမီးလောင်မှုကြောင့် နေအိမ် ၈ လုံး မီးလောင် ဆုံးရှုံးခဲ့ပါတယ်။