စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ပညာရေးတက္ကသိုလ်ဝန်းအတွင်း အမျိုးသမီးငယ်တစ်ဦး အုတ်ခဲနဲ့ထုကာ အရှင်လတ်လတ် မီးရှို့ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဒီဇင်ဘာ ၅ ရက် ည ၈ နာရီဝန်းကျင်က သမီးရည်းစား ၂ ဦး ချိန်းတွေ့စဉ် ရည်းစားဖြစ်သူ အမျိုးသားက လိင်ကိစ္စတောင်းဆိုရာ အမျိုးသမီးဖြစ်သူက မလိုက်လျောတဲ့အတွက် အုတ်ခဲနဲ့ခေါင်းကိုထုကာ အရှင်လတ်လတ် ဓာတ်ဆီလောင်း မီးရှို့ခဲ့တာဖြစ်တယ်လို့ သွားရောက် ကူညီကယ်ဆယ်ရာတွင် ပါဝင်သူတစ်ဦးက ပြောပါတယ်။

“ ကောင်မလေးက မီးလောင်တော့ အော်ပြီး အကူအညီ တောင်းတယ်။ ပတ်ဝန်းကျင်က လူတွေရာက်လာပြီး မီးဝိုင်းငြိမ်းကြတာ။ အဝတ်တွေက စုတ်ပြဲထားတာ တွေရှိတယ်။ မီးလောင်တော့ အဝတ်တွေပါ လောင်တယ်။ ခန္ဓာကိုယ်မှာ အဝတ်တောင် သိပ်မကျန်ဘူး။ စကားတော့ ပြောနိုင်တယ်။ ခုတော့ ဆေးရုံကြီးမှာ ကုသနေတယ်” လို့ သူကပြောပါတယ်။
မီးရှို့ခံရသူ အမျိုးသမီးမှာ စစ်ကိုင်းတိုင်း ပညာရေးတက္ကသိုလ်မှ ဝန်ထမ်းအမျိုးသမီးဖြစ်ပြီး ရည်စားဖြစ်သူ အမျိုးသားနဲ့ချိန်းတွေ့စဉ် လိင်ကိစ္စ မလိုက်လျောလို့ အခုလို အုတ်ခဲနဲ့ထု မီးရှို့ခံခဲ့ရတာဖြစ်တယ်လို့ အမျိုးသမီးငယ်က ပြောဆိုကြောင်း သူကဆိုပါတယ်။
မီးလောင်မှုကြောင့် အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ် အရေပြား ၇၀ ရာခိုင်နှုန်းနီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကျူးလွန်သူ အမျိုးသားမှာ စစ်ကိုင်းမြို့နယ် နားတော်ကျေးရွာမှာနေတဲ့ အသက် ၂၄ နှစ်အရွယ် ဇာနည်ထွန်း (ခ) ရဲရင့် ဖြစ်ပြီး သူ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။