ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက်၊ ညနေပိုင်းက ပြောင်းဆံ တင်လာတဲ့ ထော်လာဂျီ တိမ်းမှောက်လို့ လိုက်ပါလာတဲ့ ရွာသားတွေ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကျောက်မဲမြို့နယ်၊ နောင်ပိန်-ပုံဝိုး ကျောက်ခင်းလမ်းမ ကုန်းညောင်ရွာနဲ့ နမ့်မော်ဖီလူးရွာကြားမှာ ထော်လာဂျီ ဘီးကျွတ် တိမ်းမှောက်ပြီး ရွာသား ၇ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ထော်လာဂျီဟာ ရှေ့ဘယ်ဘက်ဘီး ကျွတ်ထွက်ပြီး လမ်းဘေးထိုးကျကာ တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။
ဒဏ်ရာရရှိတဲ့ သူတွေကို ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း-နောင်ပိန်က ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
အလားတူ ဒီကနေ့ မနက်ပိုင်းကလည်း ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့အနီးမှာ အိမ်စီးကားတစ်စီး ချောက်ထဲထိုးကျကာ ယာဉ်မောင်း သေဆုံးသွားတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အခုလပိုင်း ယာဉ်တိမ်းမှောက်မှုတွေ၊ ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေ ရှိသလို သေဆုံးသူတွေလည်း ရှိနေပါတယ်။