တနသ်ာရီတိုင်း၊ မြိတ်မြို့၊ ရွှေဘေးလမ်းမကြီး ရတနာဂုဏ်ရည်ကျောင်းရှေ့တွင် ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၇ နာရီဝန်းကျင်က ကားနဲ့ဆိုင်ကယ် ဝင်တိုက်မိခဲ့ပြီး ဆိုင်ကယ်စီးလာတဲ့ မိသားစုဝင် ၃ ဦးလုံး သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။
ဆိုင်ကယ်ကိုဝင်တိုက်ခဲ့တဲ့အိမ်စီးကားဟာ ရှေ့ကားကိုကျော်တက်ရာက လမ်းတွင်မောင်းနှင်လာတဲ့ ဆိုင်ကယ်စီးလာသူ မိသားစုကိုဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။
“ ယာဥ်တိုက်မှုဖြစ်တဲ့နေရာမှာပဲ လင်မယားနှစ်ယောက်စလုံး ပွဲချင်းပြီး ဆုံးသွားတယ်။ ကလေးကတော့ ဆေးရုံမှာ ကုသနေတုန်း ည ၁၂ နာရီလောက်က ဆုံးသွားတယ်လို့ အကြောင်းကြားတယ်။ အဖေနဲ့အမေအသက်က ၃၇ နှစ်၊ ကလေးအသက်ကတော့ ၈ နှစ် ယောက်ကျားလေးပါ” လို့ သွားရောက်ကူညီပေးသူတစ်ဦးက ပြောပါတယ်။
သေဆုံးခဲ့သူ ဦးစိုးမင်း၊ ဒေါ်အေးငယ်နဲ့ သားဖြစ်သူ မောင်စည်းလုံးညီ တို့ရဲ့ရုပ်အလောင်းတွေကို အမှတ်၅/၁၀၀ တပ်မတော်ဆေးရုံရင်ခွဲရုံသို့ ပါရမီနာရေးကူညီမှုအသင်း(မြိတ်)က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ယာဥ်တိုက်မှုကျူးလွန်ခဲ့တဲ့ ကိုယ်ပိုင်ကားမောင်းနှင်သူကိုလည်း ဖမ်းဆီးရမိထားပြီး ယာဥ်မဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။