အရင်က ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ကြော်ငြာခယူပြီး YBS ယာဉ်တွေရဲ့ ကိုယ်ထည်မှာ စတေကာတွေ ကပ်ခွင့်ပေးခဲ့တာ ဖြစ်ပေမယ့် လက်ရှိ ယာဉ်တွေမှာ ကပ်ထားတဲ့ ကြော်ငြာ စတေကာတွေ အားလုံး ဖယ်ရှား ရှင်းလင်းနေပြီလို့ YRTC ဆိုပါတယ်။
YBS ယာဉ်တွေက စီးပွားရေး ကြော်ငြာ စတေကာတွေကိုသာ ဖယ်ရှားတာဖြစ်ပြီး မှတ်တိုင်လမ်းညွှန်နဲ့ ကိုဗစ် ကာကွယ်ရေး ပညာပေး စတေကာတွေကိုတော့ ဆက်လက် ခွင့်ပြုထားတယ်လို့ သိရပါတယ်။
တကယ်က အရပ်သား အစိုးရခေတ် ကတည်းက စီးပွားရေး ကြော်ငြာတွေကို အခွန်ဆောင်ပြီး ထည့်နေတာ။ နောက်လေလံ စနစ်တွေနဲ့။ ဒီတိုင်းပဲ အခြား အိမ်နီးချင်း နိုင်ငံတွေမှာ ကျင့်သုံးနေတာ။ မြို့တော်အင်္ဂါရပ်နဲ့ မညီတာကြောင့်ဆိုတော့ စိစစ်ပြီး လက်ခံပေါ့။ မညီတဲ့ဟာကိုဘဲ ကြေငြာခွင့် မပြုဘဲ၊ ညှိနိူင်း လုပ်ဆောင်မှု ဆိုတာ စကစ က တွေးထားတဲ့ အရာ မဟုတ်သလို ဖြစ်နေတယ်
လို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီ အနေနဲ့ YBS ယာဉ်လိုင်းတွေပေါ်က ဓားပြတိုက်မှု၊ လုယက်မှု၊ ခိုးမှုတွေနဲ့ ယာဉ်မောင်းတွေ စည်းကမ်းပျက် မောင်းနှင်မှု၊ ယာဉ်စီးခနှုန်းထား ပိုမိုကောက်ခံမှုတို့ကို မျက်ကွယ် ပြုထားတယ်လို့ သူကပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်း ၁၅ လိုင်းမှာ CCTV ကင်မရာတွေ တပ်ဆင်ပြီး မှုခင်း ဖြစ်စဉ်တွေကို စောင့်ကြည့်နေတယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC က ပြောပေမယ့် ခါးပိုက်နှိုက် လုယက်မှုတွေ နေ့စဉ် ဖြစ်ပွားနေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။