မဲခေါင်၊ မတ် ၃
ပအိုးဝ်း လက်နက်ကိုင်တပ်ဖွဲ့-PAOH ARMED FORCES-PAF အနေနဲ့ ပအိုဝ်း အမျိုးသား တပ်မတော်အဖြစ် ရည်မှန်းချက်တူတဲ့ မဟာမိတ်တွေနဲ့ လက်တွဲပြီး စစ်အာဏာရှင် တော်လှန်ရေး တိုက်ပွဲဝင်နေပြီလို့ (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အတွက် ဒီကနေ့ ပေးပို့တဲ့ သဝဏ်လွှာက တစ်ဆင့် ပြည်သူတွေကို အသိပေး ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ (၇၄) နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့ ဂုဏ်ပြုသဝဏ်လွှာမှာ ပအိုဝ်း လက်နက်ကိုင်တပ်ဖွဲ့ PAF ရဲ့ နိုင်ငံရေး ဦးတည်ချက်တွေ ပအိုဝ်း ပြည်သူကို ချပြခဲ့ပြီး လက်ရှိ နိုင်ငံရေးနဲ့ စစ်ရေး အခြေအနေတွေကို စောင့်ကြည့်ကာ စစ်မြေပြင်မှာ မဟာမိတ်တွေနဲ့ အတူ တိုက်ပွဲနေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
PAF အနေနဲ့ စစ်အင်အား တောင့်တင်းလာပါက ပအိုဝ်း နယ်မြေအားလုံး ၁၀၀ ရာခိုင်နှုန်းအထိ ပြန်လည် စုစည်းမယ်ဆိုတဲ့ အချက် အပါအဝင် ပအိုဝ်း လူမျိုးတွေ အတွက် အချက် ၁၀ ချက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပအိုဝ်းလူမျိုးတွေဟာ လူ့ဂုဏ်သိက္ခာနဲ့ အညီ လူ့အသိုင်းအဝိုင်းမှာ အဆင့်တန်းရှိရှိ နေနိုင်ပြီး ကိုယ်ပိုင်အုပ်ချုပ် တရားစီရင်နိုင်ကာ နီတွမ်းနီ အမျိုးသားရေး ပန်းတိုင်ကို ရောက်ရှိနိုင်မယ်လို့ ဆိုထားပါတယ်။
PAF ရဲ့ နိုင်ငံရေး ဦးတည်ချက်အဖြစ် ပအိုဝ်းခမ်းထီ (ပြည်နယ်) ထူထောင်ရေး၊ ပအိုဝ်း ကံကြမ္မာ ပအိုဝ်း ဖန်တီးရေး၊ ပအိုဝ်း အမျိုးသား အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံရေးနဲ့ အမျိုးသားရေးအရ တန်းတူရေးနဲ့ ကရင်၊ ပအိုဝ်း၊ ကရင်နီ ညီအစ်ကိုတို့ သွေးစည်းညီညွတ်ရေးတို့ဖြစ်ပြီး နိုင်ငံရေး ဦးတည်ချက်တွေဟာ စိတ်ကူးယဉ် မဟုတ်ပဲ လက်တွေ့ လုပ်ဆောင်ရမဲ့ အချက်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK-007


