မဲခေါင်၊ အောက်တိုဘာ ၁၀
ရှမ်း-ကရင်နီနယ်စပ်၊ ဒုန်းဒူထန်စခန်း တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးနိုင်ပြီး လက်နက် ခဲယမ်း မလုံလောက်မှုကြောင့် စခန်း မသိမ်းနိုင်ခဲ့ဘူးလို့ ဒီးမော့ဆို PDF တွဲဖက် ပြန်ကြားရေး တာ၀န်ရှိသူ ကိုခွန်းဖရန့်စစ် က ဒီကနေ့ မဲခေါင်သတင်းဌာနကို ပြောပါတယ်။
မိုးဗြဲမြို့အနီး၊ ဒုန်းဒူထန်ကျေးရွာ ရထားသံလမ်းပေါ်က စစ်ကောင်စီတပ်စခန်းကို မိုးဗြဲ PDF၊ ဒီးမော့ဆို PDF၊ ကလလတ နဲ့ လွိုင်ကော် PDF တို့ ပူးပေါင်းပြီး အောက်တိုဘာ ၉ ရက် မနက်ပိုင်းမှာ ၀င်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မနေ့က မနက် ၆ နာရီကနေ စတာပါ။ တိုက်ပွဲကတော့ ပြင်းထန်ပါတယ်။ သူတို့ (စစ်ကောင်စီ) ဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်တာရယ်၊ စစ်ကူတွေလည်း ရောက်လာပါတယ်” လို့ ကိုခွန်းဖရန့်စစ် က ရှင်းပြပါတယ်။
၂ နာရီကြာ ပြင်းထန်ခဲ့တဲ့ တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အလွန်အကျွံ ပစ်ခတ်တာ၊ စစ်ကူ အချိန်မီ ရောက်လာတာနဲ့ တော်လှန်ရေး အင်အားစုတွေဘက်က လက်နက်ခဲယမ်း မလုံလောက်တာတွေကြောင့် စခန်းမသိမ်းနိုင်ဘဲ ဆုတ်ခွာခဲ့ရတယ်လို့ သူကဆိုပါတယ်။
ဒီတိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် တစ်ဦး ကျဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့ရသလို စစ်ကောင်စီတပ်သား ၁၀ ဦးခန့် ထိခိုက်သေဆုံးနိုင်ပေမဲ့ အရေအတွက်ကိုတော့ အတည်ပြုနေဆဲလို့ ဆိုပါတယ်။
ဒုန်းဒူတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် မောင်ယောဟန် အတွက် ဂုဏ်ယူ ၀မ်းနည်းရပြီး မိသားစုနဲ့ ထပ်တူ ၀မ်းနည်းရတယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေမှာ လက်နက်ခဲယမ်းဟာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါ၀င်နေတာကြောင့် ပြည်သူတွေ အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ လိုအပ်တဲ့ လက်နက်ခဲယမ်း ဖြည့်တင်းမှုတွေမှာ ဆက်လက် ပါ၀င်ကူညီပေးဖို့ တော်လှန်ရေး အင်အားစုတွေက မေတ္တာရပ်ခံ ထားပါတယ်။
MK-007
#MeKongNews
#ရှမ်း_ကရင်နီ
#ဒုန်းဒူထန်စခန်း








