မဲခေါင်၊ စက်တင်ဘာ ၂၇
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းအွမ် ကျေးရွာအုပ်စု၊ ငေါ့ငါးရွာမှာ တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်မှာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနထံက သိရပါတယ်။
စစ်ကောင်စီ ဂျက်ဖိုက်တာ ၂ စီးဟာ ပေါင် ၅၀၀ ဗုံးတစ်လုံး အပါအဝင် ဗုံး ၃ လုံး ကြဲချတိုက်ခိုက် ခဲ့တယ်လို့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
“ဟုတ်တယ်။ တပ်မဟာ (၅) စစ်ဒေသဘက်” လို့ TNLA သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲ ဝန်းကျင်မှာ ဂျက်ဖိုက်တာ တစ်စီး ငေါ့ငါးရွာဘက် ပျံဝဲကာ စက်သေနတ်နဲ့ ကျေးရွာထဲ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲ မရှိဘူး။ ရွာဘက် ပစ်လာလို့ ကတုတ်ကျင်းမှာ ပုန်းနေတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အဲဒီနောက် မွန်းလွဲ ၁ နာရီ ၅၇ မိနစ်မှာ ဂျက်ဖိုက်တာ တစ်စီးနဲ့ ငေါ့ငါးကျေးရွာ ဝန်းကျင်ကို ပေါင် ၅၀၀ ဖျက်အားပြင်း ဗုံးတစ်လုံးနဲ့ ရိုးရိုးဗုံး ၃ လုံး ဗုံးကြဲခဲ့တာလို့ PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ဆိုပါတယ်။
“တခြား ပြည်သူတွေ၊ လူ၊ တိရိစ္ဆန် အထိအခိုက် မသိရသေးပါဘူး” လို့ TNLA သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
ဒါ့အပြင် ငေါ့ငါးကျေးရွာနဲ့ ပန်နွဲ့ရွာ ဝန်းကျင်မှာ တိုက်ပွဲ မဖြစ်ဘဲ ယမန်နေ့ မနက် ၁၀ နာရီခန့်ကနေ မွန်းလွဲ ၂ နာရီခန့်အထိ နမ့်ဖက်ကာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ၃၄ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာရွာဘက် ၃ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ရပ်ကွက် (၄) က ၁၁ နှစ် ခန့်အရွယ် ကလေး တစ်ဦး ဘယ်ဘက်ပါးမှာ လက်နက်ကြီးစ ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၂၅ ရက်နေ့၊ ည ၁၀ ခွဲခန့်ကလည်း TNLA တပ်မဟာ (၁) လွယ်မောက် တပ်စခန်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့လို့ တပ်စခန်းက အဆောက်အအုံ တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ -PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
Photo-PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာန။
CJ-008
#MekongNews
#ကွတ်ခိုင်မြို့နယ်
#ပေါင်၅၀၀ဗုံး
#PSLF_TNLA








