မဲခေါင်၊ စက်တင်ဘာ ၂၅
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် စခန်း တစ်ခုကို ဟင်းသီး ဟင်းရွက်တွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ဖို့ မျိုးစေ့တွေနဲ့ လယ်ယာသုံး ပေါက်ပြားတွေ သွားရောက် လှူဒါန်းခဲ့တယ်လို့ ချိုးဖြူတော်လှန်ရေးတပ်-JPRF က ပြောပါတယ်။
အဲဒီ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၅၀ ကျော်နဲ့ လူဦးရေ ၁၉၀ ကျော်ရှိပြီး မျိုးစေ့ထုတ် ၅၀ ကျော်နဲ့ ပေါက်ပြား ၂၆ လက် လှူဒါန်းခဲ့တယ်လို့ JPRF တာဝန်ရှိသူက ပြောပါတယ်။
“စစ်ရှောင် ပြည်သူတွေ စားနပ်ရိက္ခာ ပြတ်နေတာကြောင့် ကျနော်တို့ အဖွဲ့ အနေနဲ့လည်း အများကြီး မလှူနိုင်လို့ သူတို့အတွက်လည်း ပိုမိုထိရောက်မယ်ထင်လို့ အခုလို လှူပေးရတာပါ” လို့ သူကရှင်းပြပါတယ်။
ဒီစိုက်ပျိုးရေး ပစ္စည်းတွေကို ဩဂုတ်လ ၆ ရက်နေ့က လှူဒါန်းခဲ့တာ ဖြစ်ပေမယ့် JPRF ရဲ့ လူမူကွန်ရက် စာမျက်နှာ အပိတ်ခံရတဲ့ အတွက် စက်တင်ဘာ ၂၄ ရက်နေ့မှာ ဖော်ပြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်နေ့ကနေ စက်တင်ဘာ ၁၈ ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်မှာ ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
အဲဒီ ငွေတောင်ရွာသစ်တိုက်ပွဲမှာ တပ်ရင်းမှူးနဲ့ ဒု-တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ JPRF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
လက်ရှိ တိုက်ပွဲတွေ ငြိမ်နေလို့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ကျည်ပြန်ဖြည့်တာ၊ ပျက်သွားတဲ့ ဒရုန်းတွေ ပြင်နေတာ၊ ဒရုန်း ဗုံးသီး ထုတ်လုပ်တာတွေ လုပ်နေတယ်လို့ JPRF အဖွဲ့က ဆိုပါတယ်။
“စကစ ဘက်ကလည်း အဲ့လိုပဲ နေမှာပေါ့။ အင်အားဖြည့်တာတွေ ပြင်ဆင်နေတာတွေ လုပ်နေတော့ အချိန်မရွေး တိုက်ပွဲတွေ ပြန်ပြင်းထန်လာနိုင်ပါတယ်” လို့ JPRF တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒီလို တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ ဒီးမော့ဆို မြို့နယ်ထဲက စစ်ဘေးရှောင်တွေ နေအိမ်ပြန်လို့ မရတော့တာ၊ စီးပွားရေး လုပ်ကိုင်စားသောက်ဖို့ ခက်ခဲတာ၊ အလှူရှင် လာရောက် လှူဒါန်းမှု နည်းပါးတာတွေကြောင့် စစ်ဘေးရှောင်စခန်း တချို့မှာ ရိက္ခာတွေ ပြတ်တောက်လာတယ်လို့ သိရပါတယ်။
CJ-012
#MeKongNews
#ဒီးမော့ဆို
#စစ်ဘေးရှောင်
#ချိုးဖြူတော်လှန်ရေးတပ်_JPRF








