မဲခေါင်၊ စက်တင်ဘာ ၁၁
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စက်တင်ဘာ ၂ ရက်က ကရင်နီ တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်လိုက်တဲ့ သေးဆူလဲနဲ့ ပူးဖား စခန်း ၂ ခုကို စစ်ကောင်စီက ပြန်လည် ခြေကုပ်ယူဖို့ ကြိုးစားနေလို့ စစ်ရေး တင်းမာနေတယ်လို့ ဒီးမော့ဆို PDF တွဲဖက် ပြန်ကြားရေး တာ၀န်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့က ခလရ (၉) ဒုတပ်ရင်းမှူး ရဲလင်းနိုင် ဦးဆောင်တဲ့ အဆိုပါ စခန်း ၂ ခုကို ဒီးမော့ဆို PDF၊ ကရင်နီတပ်မတော်-KA ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး-ကလလတ၊ အလယ်ပိုင်းတိုင်း ကရင်နီ(ကယား) စစ်ဒေသခွဲ တပ်ရင်းတွေ နဲ့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF တို့ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ သေဆုံးပြီး လက်နက် အများအပြား ရရှိခဲ့ပါတယ်။
၄ နာရီကျော် ကြာမြင့်ပြီး ဒုတပ်ရင်းမှူး ထွက်ပြေးတဲ့ သေးဆူလဲနဲ့ ပူးဖားစခန်း တိုက်ပွဲ အတွင်း တော်လှန်ရေး အင်အားစုတွေ စခန်း မထိုင်နိုင်ဖို့ စစ်ကောင်စီက တိုက်လေယာဥ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခဲ့သလို တော်လှန်ရေး အင်အားစုက မြေပြင် အသာစီးရထားလို့ စစ်တပ်ဘက်ကလည်း ပြန်မထိုင်ဖြစ်နေတယ်လို့ ဆိုပါတယ်။
“စကစက လူအင်အား ထပ်မဖြည့်နိုင်တော့ဘူးနဲ့ တူတယ်။ သူတို့ (စစ်ကောင်စီ) လည်း ကပ်လို့မရ၊ ငါတို့လည်း ကပ်လို့ မရတော့ဘူး။ ဒီ ၂ ရက်တော့ လိုင်းတွေ ပြတ်နေတာနဲ့ ၂ ရက်စာတော့ မသိရသေးဘူး” လို့ ဒီးမော့ဆို PDF တွဲဖက် ပြန်ကြားရေး တာ၀န်ရှိသူက ရှင်းပြပါတယ်။
ဒီးမော့ဆိုမြို့နယ်ထဲမှာ အခုလို စစ်ရေးတင်းမာနေပေမယ့် စစ်ကောင်စီဘက်က လူအင်အား ထပ်ဖြည့်ပြီး စစ်ရေး လှုပ်ရှားတာ၊ စစ်ကြောင်းထိုးတာတွေ မရှိသေးလို့ တိုက်ပွဲတွေ ငြိမ်နေတယ်လို့ သူကဆိုပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ စက်တင်ဘာ ၂ ရက်က သေးဆူလဲနဲ့ ပူးဖားစခန်းတွေအပြင် ကုန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု- KRU က ၀င်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်နယ်မှာ ဒီးမော့ဆို အပါအ၀င် ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့၊ ရှားတော စတဲ့မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် ဒေသခံ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် ကရင်နီပြည်မှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးရှောင် ပြည်သူ ၂ သိန်းခွဲနီးပါး ရှိလာပြီလို့ ကရင်နီစစ်ရှောင် ကူညီစောင့်ရှောက်နေသူ တစ်ဦးက ပြောပါတယ်။
MK-007
#MeKongNews
#ဒီးမော့ဆိုမြို့နယ်
#KNDF








