မဲခေါင်၊ စက်တင်ဘာ ၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ရှိ KIA တပ်ရင်း (၉) ဘက် ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့၊ ၂ ရက်ဆက်တိုက် လေကြောင်းက ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
အဆိုပါ နေရာကို စစ်ကောင်စီက မနေ့ ဩဂုတ်လ ၃၁ ရက်နဲ့ကလည်း ဗုံးလာကြဲသွားတယ်လို့ ဆိုပါတယ်။
“ဒီမနက် ၁၁ နာရီ ၁၀ မိနစ်မှာ တပ်ရင်း (၉) ဘက် ဗုံးလာကြဲတယ်” လို့ ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
နမ့်ဖတ်ကာ အခြေစိုက် အမှတ် (၁၂၃) တပ်ကနေ ဒီကနေ့ မနက် ၈ နာရီခွဲ ဝန်းကျင်ကနေ လက်ရှိအချိန်အထိ လက်နက်ကြီးတွေ ပစ်ခတ်နေတာ ကြားနေရတယ်လို့ နမ့်ဖတ်ကာ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
နောက်ထပ် KIA သတင်းရင်းမြစ် တစ်ဦးက “ဒီနေ့တော့ KIA တပ်ခွဲ ၂ ဘက် လာပစ်တယ်။ ဘတ်နွယ်တောင်ဘက်” လို့ သူက ပြောပါတယ်။
အခုမွန်းလွဲ ၁ နာရီခန့်က ကွတ်ခိုင် ဗျူဟာကနေ စစ်ကောင်စီ ကားတစ်စီးနဲ့ အင်အား ၂၀ ခန့် ကွတ်ခိုင် အေးရှားဝေါလ် ဂိတ်အထိ လိုက်ပို့တာ တွေ့ရပြီး ကွတ်ခိုင် အထွက် ခါ့ဝမ်ရွာနားက တောစပ်ဘက်ကနေ စစ်ကောင်စီတပ်သား ၆ ဦး ခန့် ထွက်လာတာ တွေ့ရတယ်လို့ သူကပြောပါတယ်။
ယမန်နေ့ ဩဂုတ်လ ၃၁ ရက်၊ ညနေ ၂ နာရီခန့်က တံတားဦး လေဆိပ်က တက်လာတဲ့ ဂျက်ဖိုတာ ၂ စီး KIA တပ်မဟာ (၆)၊ တပ်ရင်း (၉)နဲ့ လွိုင်မောက်တောင်မှာ အခြေစိုက်နေတဲ့ TNLA တပ်မဟာ (၁) တပ်စခန်းဘက် ဗုံးကြဲသွားတာလို့ သူကပြောပါတယ်။
အဲဒီနောက် ညနေ ၂ နာရီ ၄၄ မိနစ်မှာ ဂျက်ဖိုက်တာ တစ်စီး ရောက်လာပြီး စစ်ကောင်စီတပ်တွေ စုဝေးနေတဲ့ အင်လုံဘွမ်ကို မှားယွင်း ဗုံးကြဲသွားလို့ စစ်ကောင်စီတပ် အထိနာသွားတယ်လို့ သူက ထပ်မံ ရှင်းပြပါတယ်။
“ကျွန်တော်တို့ဘက်ကို ၂ ခါဝဲပြီးမှ အဲဒီဘက်ကို ကြဲတာ” လို့ PDF ရှေ့တန်းသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
စစ်လေယာဥ်တွေ တံတားဦးကနေ အဲဒီဒေသရောက်ဖို့ ၁၀ မိနစ်ခန့်သာ ကြာတယ်လို့ ဆိုပါတယ်။
လတ်တလော မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ KIA ၊TNLA တို့ နေ့စဥ်နီးပါး တိုက်ပွဲ ပြင်းထန်နေပြီး မနေ့က ဩဂုတ်လ ၃၁ ရက်နေ့က ကွတ်ခိုင်၊ တာမိုးညဲ ဘက်မှာလည်း ကိုးကန့် MNDAA အဖွဲ့ လှုပ်ရှားလာကြောင်း ဒေသခံတွေက ပြောပါတယ်။
CJ-008
#MeKongNews
#ကွတ်ခိုင်မြို့နယ်
#KIA
#တံတားဦး








