မဲခေါင်၊ ဩဂုတ် ၂၂
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ လက်ရှိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲဆက်လက်ပြင်းထန် မပြင်းထန်ကတော့ စစ်ကောင်စီရဲ့ ထိုးစစ် အပေါ် မူတည်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲ အတန်ငယ် ငြိမ်သက်နေတဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့ TNLA တို့ လတ်တလော တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားလာတဲ့အပေါ် သူကပြောဆိုတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လမှ စပြီး စစ်ကောင်စီဟာ TNLA တပ်တွေရှိရာကို ထိုးစစ်ဆင် လာတာကြောင့် ဇူလိုင်လနဲ့ အခု ဩဂုတ်လ အတွင်း တိုက်ပွဲဖြစ်ပွားမှု ပိုများလာတာ ဖြစ်တယ်လို့ ဒု-ဗိုလ်မှူးကြီးတားအိုက်ကျော် ကပြောပါတယ်။
“တိုက်ပွဲကတော့ လုံးဝရပ်သွားတာမျိုးတော့ မရှိဘူးပေါ့။ ဇူလိုင်လမှာတော့ ကျွန်တော်တို့ရှိတဲ့ နေရာကို သူတို့က ပြန်ပြီး ထိုးစစ်ဆင်တယ်။ တိုက်ပွဲက ပိုပြီးတော့ စိပ်လာတယ်။ အဓိကကတော့ ဒီထိုးစစ်ကြောင့် တိုက်ပွဲ ဖြစ်တာပေါ့။ ကျွန်တော်တို့က နဂိုကတည်းက ခုခံကာကွယ်စစ် ပုံစံပဲ ရှိတယ်လေနော်။ အခု ထိုးစစ်ဆင် တက်လာတဲ့ အခါကျတော့ တိုက်ပွဲ ပိုပြီးများတာပေါ့။ သူတို့က ထိုးစစ်ဆင် မတိုက်ခိုက်ဘူး ဆိုရင်တော့ တိုက်ပွဲက လျော့လာမယ်။ အဲ့လိုမျိုးတော့ အနေအထားရှိတယ်” လို့ သူက မဲခေါင်သတင်းဌာနကို ရှင်းပြပါတယ်။
အာဏာမသိမ်းခင် ကာလမှာ စစ်ကောင်စီနဲ့ TNLA တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တစ်လကို တိုက်ပွဲ ဖြစ်ပွားမှု အကြိမ် ၂၀ မှ ၃၀ အထိ ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေ များစွာ နည်းသွားခဲ့ပါတယ်။
အဲ့ဒီလို တိုက်ပွဲဖြစ်ပွားမှု နည်းသွားပေမယ့် ရပ်တန့်သွားတာ မဟုတ်ဘဲ တစ်လကို တစ်ကြိမ် ၂ ကြိမ် ဖြစ်ပွားရာက စစ်ကောင်စီ ထိုးစစ်ဆင်လာလို့ လက်ရှိ တိုက်ပွဲ ပြန်စိပ်လာတာလို့ TNLA ကပြောပါတယ်။
“အာဏာမသိမ်းခင်ကတော့ ကျွန်တော်တို့နေတဲ့ တောတွင်းအထိ လိုက်လံပြီးတော့ ထိုးစစ်ဆင် တိုက်ခိုက်တော့ တိုက်ပွဲက ပိုပြီး ပြင်းထန်တာဖြစ်တယ်။ အာဏာသိမ်းပြီး နောက်ပိုင်းမှာကတော့ တိုက်ပွဲက မဖြစ်တာတော့ မဟုတ်ဘူး။ ရှိတော့ရှိတယ်။ အရေအတွက်တော့ လျော့တာပေါ့။ အာဏာ မသိမ်းခင်က မရှိဘူးဆို တစ်လကို တစ်ဆယ် နှစ်ဆယ် ကနေ သုံးဆယ် အထိ တိုက်ပွဲ ဖြစ်တာရှိတယ်” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိ စစ်ရေးတင်းမာနေတဲ့ အခြေအနေကြောင့် အင်အား ဖြည့်တင်းတာတွေ ရှိပေမယ့် တစ်ခြား စစ်မျက်နှာက တပ်တွေ ထုတ်နုတ်ပြီး စစ်ကောင်စီက အင်အားဖြည့်လာတာတော့ မတွေ့ရသေးဘူးလို့ ဆိုပါဘူး။
“အဓိကကတော့ ဒီမှာရှိပြီးသား တပ်တွေ၊ လက်နက်တွေကို ဟိုဘက်ရွှေ့ဒီဘက်ရွှေ့တာမျိုးတော့ ရှိတာပေါ့” လို့ ဒု-ဗိုလ်မှူးကြီးတားအိုက်ကျော် ကပြောပါတယ်။
ဒါပေမယ့် တိုက်ပွဲတွေ ဖြစ်ပွားတဲ့ နေရာတွေကို စစ်ကောင်စီက စစ်ကူနဲ့ လက်နက်ခဲယမ်းတွေ ယာဉ်တန်းနဲ့ တောက်လျှောက် ပို့နေလို့ TNLA တပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွား ဖြစ်ပွားတာ ရှိတယ်လို့ သူကဆိုပါတယ်။
TNLA ရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၃ ရက်မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်ကောင်စီနဲ့ TNLA တို့ တိုက်ပွဲ ၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အနည်းဆုံး ၂၅ ဦး သေဆုံးခဲ့ပါတယ်။
CJ-002
#MeKongNews
#တာချီလိတ်မြို့
#TLNA
#ဗိုလ်မှူးကြီးတားအိုက်ကျော်








