မဲခေါင်၊ ဩဂုတ် ၁၉
ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ထီရီးကျေးရွာမှာ PNO ပြည်သူ့စစ် အဖွဲ့ဝင် ၃ ဦးက လူထုထံက ဆက်ကြေးကောက်ပြီး ဝယ်ထားတဲ့ သေနတ်နဲ့ ဘုန်းကြီးကျောင်းထဲ ဝင်ရောက်ပြီး ဒေသခံ တစ်ဦးကို ဓားပြတိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့က PNO ပြည်သူ့ ၃ ဦးဟာ မသင်္ကာလို့ဆိုပြီး လူတစ်ဦးကို ဘုန်းကြီးကျောင်းဝင်း အတွင်း ဝင်ရောက်ကာ သေနတ်နဲ့ချိန်ပြီး ဓားပြတိုက်သွားတာ ဖြစ်ပါတယ်။
အဆိုပါ ပြည်သူ့စစ် ၃ ဦးဟာ ပရိုဘောက်ကား တစ်စီးနဲ့ လူတစ်ဦးကို လိုက်လံဖမ်းဆီးရာ ထီရီးကျေးရွာ ဘုန်းကြီးကျောင်းဝင်း အတွင်း ဖမ်းမိပြီးနောက် အဲ့ဒီလူရဲ့ တစ်သောင်းတန်အုပ် ပိုက်ဆံထုပ်ကို ဓားပြတိုက် လုယူသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဟိုလူက ပွဲရုံကနေ ကုန်ပစ္စည်းဖိုး ငွေထုတ်ပြီး ပြန်လာတာကို PNO တွေက နောက်ကနေ လိုက်ပြီး ဓားပြတိုက်တာ။ ကျောင်းဝင်းထဲမှာ မှီမှီချင်း သေနတ်နဲ့ ချိန်ပြီးတော့ ‘မလှုပ်နဲ့ လုပ်ရင် မင်းခေါင်းကို ပစ်ခွဲလိုက်မယ်’ လို့ ပြောပြီး စစ်ဆေးတာ။ သူတို့ပြောတော့ မူးယစ်ဆေးဝါး သယ်လို့ လိုက်ဖမ်းတာပေါ့။ ဒါပေမယ့် စစ်ဆေးတဲ့ အချိန်မှာ ဘာမှမတွေ့ဘူး၊ ငွေထုပ်ပဲတွေ့တာ။ အဲ့ဒါနဲ့ ငွေထုပ်ကို PNO တွေက ယူသွားလိုက်တာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဘုန်းကြီးကျောင်းဟာ ရွာနဲ့ တောင်ယာကိုသွားတဲ့ လမ်းမပေါ်မှာ တည်ရှိတာကြောင့် တောင်ယာသွားတဲ့ ဒေသခံတွေက ဘုန်ကြီးကျောင်းဝင်းကို အမြဲ ဖြတ်သန်းသွားကြတာ ဖြစ်ပါတယ်။
ဓားပြတိုက်တဲ့ PNO ပြည်သူ့စစ်အဖွဲ့ဟာ ရပ်စောက်မြို့နယ်၊ ဆတ်သေ မြေမဲကျေးရွာက လူတွေဖြစ်ပြီး PNO ပြည်သူ့စစ်အဖွဲ့ဝင် ဖြားအောင်၊ တထွန် နဲ့ ဗိုလ်လေးအောင်သန်း တို့ရဲ့ လူတွေဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ PNO ပြည်သူ့စစ်တွေဟာ ဘုန်းကြီးကျောင်းထဲကို ဝင်ရာမှာ ခွင့်တောင်ခြင်း မရှိဘဲ ကျောင်းဝင်းအတွင်း သေနတ်မောင်းတင်ကာ ရွာသား တစ်ဦးကို သေနတ်နဲ့ချိန်ပြီး ငွေတွေ ဓားပြတိုက်သွားတာဟာ ဘာသာ သာသနာကို စော်ကားတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခု သူတို့ကိုင်တဲ့ သေနတ်တောင်မှ PNO အမိန့်နဲ့ ဒီနှစ်အတွင်းမှာပဲ ရွာသားတွေ ငွေစုပြီး ဝယ်ပေးထားရတဲ့ သေနတ်တွေလေ။ လူထုဝယ်ပေးတဲ့ သေနတ်နဲ့ လူထုအပေါ် ပြန်မိုက်ရိုင်းနေတာ” လို့ ရပ်စောက်မြို့နယ် ဒေသခံ တစ်ဦးက ပြောပါတယ်။
ထီရီးကျေးရွာဟာ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်မြို့ရဲ့ အရှေ့ဘက်မှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပြီး ပအိုဝ်း တိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာ ဖြစ်ပါတယ်။
PNO ပြည်သူ့စစ်ဟာ ရပ်စောက်မြို့နယ် အတွင်းမှာ မကြာခဏ မူးယစ်ဆေးဝါး အကြောင်းပြ လူဖမ်း ငွေညှစ်တာတွေ ပြုလုပ်လျက်ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
CJ-002
#Mekongnews
#ရပ်စောက်မြို့နယ်
#ဆက်ကြေး
#PNO_ပြည်သူ့စစ်








