မဲခေါင်၊ ဩဂုတ် ၁၁
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သဲတောင်ဒေသ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများပြီး သေနတ် ၁၀ လက်နဲ့ ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဒီးမော့ဆို PDF ပြန်ကြားရေး တာ၀န်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက် ကတည်းက တပ်မ(၅၅)၊ (၇၇) နဲ့ တပ်မ (၉၉) ပူးပေါင်း အင်အား ၃၀၀ ကျော် စစ်ကြောင်း ၃ ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ဩဂုတ်လ ၉ ရက်မှာတော့ တစ်နေကုန် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှု များပြားကာ အနည်းဆုံး သေနတ် ၁၀ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီတပ်သား ကတော့ များတယ်။ အင်အား ၃၀၀ လောက်ရှိမယ်။ ဖရူဆိုကနေ ဆင်းလာပြီး ဒီးမော့ဆို ကနေ ထွက်သွားတဲ့ ပြည်ထောင်စု လမ်းမကြီးပေါ်က စစ်ကြောင်းကို သွားကြို့ဖို့ ဖြစ်မယ်။ ထိတွေ့မှု ဖြစ်ကြတာပေါ့။ လက်နက်ကတော့ မနက်ပိုင်းပို့တဲ့ ပုံအရ ၁၀ လက်ကျော်ရတယ်။ ညနေပိုင်းတော့ မပို့သေးဘူး” သူကရှင်းပြပါတယ်။
လက်ရှိ ရှေ့တန်းမှာ အင်တာနက်၊ ဖုန်းလိုင်း အဆင်မပြေမှုတွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု အတိအကျကို စုံးစမ်းနေဆဲဖြစ်ပြီး မကြာခင် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲပေမဲ့ တိုက်ပွဲဖြစ်တဲ့ နေရာကို ကြဲတာ မဟုတ်ဘဲ ကျေးရွာဘက်တွေကို ကြဲသွားတယ်လို့ ဆိုပါတယ်။
ဗုံးကြဲသွားတဲ့ နေရာဟာ တိုက်ပွဲနဲ့ အနည်းငယ်လှမ်းတဲ့ ကျေးရွာတွေဖြစ်ပြီး ဒေသခံ ပြည်သူတွေကတော့ စစ်ရှောင် စခန်းတွေကို ရောက်နေတာကြောင့် ထိခိုက်သေဆုံးမှု မရှိဘူးလို့ ဒီးမော့ဆို PDF ကဆိုပါတယ်။
လက်ရှိ သဲတောင်ဒေသနဲ့ အနီးတစ်၀ိုက်မှာ စစ်ကောင်စီက တပ်ဖြန့်ထားပြီး အင်အား အမြောက်အများနဲ့ ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ဒီလို စစ်ရေး အခြေအနေတွေကြောင့် ပြည်ထောင်စု လမ်းမကြီး ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းမှာ သွားလာနေကြတဲ့ ပြည်သူတွေ အနေနဲ့ စစ်ရေးသတင်းတွေ နားစွင့်ပြီး သတိထား နေထိုင်ပေးကြဖို့၊ ထုတ်ပြန်ချက်တွေကို အလေးထား လိုက်နာပေးဖို့ တော်လှန်ရေး အင်အားစုတွေက မေတ္တာရပ်ခံထားပါတယ်။
MK-007
#MeKongNews
#ဒီးမော့ဆိုမြို့နယ်
#လက်နက်ခဲယမ်း
#ဒီးမော့ဆို_PDF








