မဲခေါင်၊ ဩဂုတ် ၂
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် နဲ့ နမ့်ခမ်းကြားမှာ ဒီကနေ့ ဩဂုတ်လ ၂ ရက်၊ မနက် ၁၀ နာရီခွဲကျော်ကစပြီး တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာကို ၁၀၅ မိုင်ကနေ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။
“ဟုတ်တယ်။ တိုက်ပွဲဖြစ်နေတယ်။ စစ်ကောင်စီနဲ့ TNLA တွေ။ ပြီးခဲ့တဲ့ ရက်ပိုင်းက အဆက်နေမှာပေါ့ ဇယ်လန့်ဘက်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ မူဆယ် ရဲစခန်း အနီးမှာလည်း ဗုံးတစ်လုံး ပေါက်ကွဲတယ်လို့ ကြားသိရပေမယ့် အသေးစိတ်တော့ မသိရသေးဘူးလို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
“ကျမတို့နဲ့ နဲနဲတော့ လှမ်းတယ်။ အတိအကျ မသိရဘူး။ တနေ့ညကတော့ စရဖ ရုံးမှာ ပစ်ထည့်တာ။ အိမ်ရှေ့နားမှာပဲ မီးခိုး တလူလူနဲ့။ ကျည်စတွေတောင် စင်လာတယ်။ အရမ်းကြောက်လို့ ပုန်းနေရတာ” လို့ သူက ပြောပါတယ်။
လက်ရှိ ၁၀၅ မိုင်ကနေ လက်နက်ကြီးတွေ ပစ်နေပြီး ၁၀၅ မိုင်ကနေ မူဆယ် ဆင်းလာတဲ့သူတွေကို တုံခန်ကနေ ပြန်လှည့်ဖို့ ပြောလို့ ပြန်လာကြတယ်လို့ ၁၀၅ မိုင် ဒေသခံ တစ်ဦးက ပြောပါတယ်။
“၁၀၅ မိုင်ကနေ ပစ်ကူနေတာ။ ဇယ်လန့်မှာ ဖြစ်နေတာ။ မူဆယ်နဲ့ နမ့်ခမ်းကြား၊ ဆိုင်းခေါင်ရွာဘက်လည်း ပစ်နေတာ။ ပန်ခမ်းတံတားကနေ လာမယ့်သူတွေ သတင်း နားစွင့်ပြီး လာကြပါ” လို့ နောက်ထပ် ဒေသခံ တစ်ဦး က ပြောပါတယ်။
မူဆယ် နဲ့ နမ့်ခမ်းမြို့ကြား၊ ဇယ်လန့်ရွာ အနီးဝန်းကျင်မှာ စစ်ကောင်စီနဲ့ TNLA တို့အကြား ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက် ညနေပိုင်းကစပြီး တိုက်ပွဲတွေ ဆက်တိုက်နီးပါး ဖြစ်ပွားနေပါတယ်။
CJ-008
#MeKongNews
#မူဆယ်_နမ့်ခမ်း
#TNLA
#၁၀၅_မိုင်








