မဲခေါင်၊ ဇူလိုင် ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် မန်ဂန်ရွာအနီးမှာ ဇူလိုင်လ ၁၈ ရက်က မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်-MNDAA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးထက်မနည်းထိခိုက်သေဆုံးနိုင်တယ်လို့ ကိုးကန့်ပြန်ကြားရေးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
စစ်တပ်ခြေမြန်တပ်ရင်း- ခလရ(၆၈) က အင်အား ၄၀ ခန့်ဟာ MNDAA တပ်မဟာ ၆၁၁ ထိန်းချုပ်စခန်းတစ်ခုကို ဇူလိုင်လ ၁၈ ရက်နေ့လည် ၁၂ ခန့်က ချဉ်းကပ်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရတာလို့ဆိုပါတယ်။
ဒီလို စစ်ကောင်စီဘက်က MNDAA တပ်စခန်းကို ချဉ်းကပ်လာမှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းထိခိုက်သေဆုံးပြီး ကိုးကန့်တပ်ဖွဲ့ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး စစ်တပ်နဲ့ ပထမဦးဆုံးငြိမ်းချမ်းရေးယူခဲ့တဲ့ ကိုးကန့်တပ်ဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှာတော့ စစ်တပ်က နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းဖို့ ဖိအားပေးရာက ငြိမ်းချမ်းရေးပျက်ပြယ်ခဲ့တာပါ။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်မှာတော့ လောက်ကိုင်မြို့နယ်အတွင်း စစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
MK-007
#MeKongNews
#MNDAA
#စစ်ကောင်စီ
#လားရှိုး
#မန်ဂန်ရွာ








