မဲခေါင်၊ ဇွန် ၁၆
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကံကြီးရပ်ကွက်အနီး၊ ဖာမွန်းကျေးရွာအုပ်စုထဲက ဒေသအခေါ် မြွေပွေးတောင်ကုန်းရှိ လယ်ယာမြေတွေပေါ်မှာ ဆောက်လုပ်ထားတဲ့ နေအိမ်တွေ ဖျက်သိမ်းဖို့ စစ်ကောင်စီက သတိပေးစာ ပေးပို့ထားတယ်လို့ ရွာခံတွေက ပြောပါတယ်။
သတိပေးစာ ကပ်ခံရတဲ့ နေအိမ်တွေဟာ တောင်ကြီးမြို့နဲ့ ၄ မိုင် ကွာဝေးတဲ့ ဟမ်းဆီးကျေးရွာကနေ မီးရထား သံလမ်း အနောက်ဘက် ဖာမွန်းကျေးရွာအထိ နေအိမ်ပေါင်း ၁,၀၀၀ ကျော် အပြင် မြို့စွန် ဘုရားဖြူ ရပ်ကွက်ထဲက အိမ်တချို့နဲ့ ညောင်ရွှေ- ရွှေညောင် လမ်းမကြီး ဘေးတစ်လျှောက်က နေအိမ်ပေါင်း ၅၀၀ ကျော်လည်း ပါဝင်တယ်လို့ သိရပါတယ်။
အဲဒီနေအိမ်တွေကို စစ်ကောင်စီ လက်အောက်ခံ မြေစာရင်းဦးစီးဌာနနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ၁၅ ရက်အတွင်း ပြောင်းရွှေ့ပေးဖို့ ဇွန်လ ၁၂ ရက်နေ့ ကတည်းက Notice-သတိပေးစာ ကပ်ထားတာပါ။
“ကျနော်တို့ နေတဲ့နေရာက လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက PNO (ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်ပါတီ) နဲ့ မြေစာရင်းရုံးတို့ ပေါင်းပြီး မှတ်တိုင်တွေ ရိုက်ပြီးတော့ ကံကြီးထဲ ပါတယ်လို့ သတ်မှတ်ထားတာ။ အဲဒါကို ဒီ သုံးလေးနှစ် အတွင်း ဖာမွန်းကျေးရွာထဲ ဆွဲသွင်းပြီး ကျူးကျော် လုပ်လိုက်တာ။ အရင် ဦးသိန်းစိန် လက်ထက် ကတည်းက လယ်ယာမြေတွေကို ဥယျာဉ်ခြံမြေ ပြောင်းခွင့် ပေးထားတာ ကြာပြီ။ အခုမှ စစ်ကောင်စီက ဘတ်ဂျက် နည်းလာလို့ သက်သက်ငွေညစ်တာ” လို့ ဖာမွန်း ဒေသခံ တစ်ဦးက ရှင်းပြပါတယ်။
အရင်က မြွေပွေးတော်ကုန်းရဲ့ အရှေ့ဘက်ကို ကံကြီးလို့ သတ်မှတ်ပြီး အနောက်ဘက်ကို ဖာမွန်းကျေးရွာလို့ သတ်မှတ်ခဲ့ပေမယ့် လက်ရှိမှာတော့ တောင်ကုန်း တစ်ခုလုံးကို ဖာမွန်းကျေးရွာလို့ သတ်မှတ်ပြီး နေအိမ်တွေ ဖယ်ရှားခိုင်းနေတယ်လို့ ဆိုပါတယ်။
အခုလို သတ်မှတ်လိုက်တဲ့အတွက် ကန်ကြီးရပ်ကွက်ထဲက နေအိမ်တစ်ချို့ဟာ ဖာမွန်းကျေးရွာအုပ်စုထဲ ပါဝင်သွားပြီး မြို့ဧရိယာထဲ မပါဝင်တော့တဲ့ အတွက် မြေယာ ပိုင်ဆိုင်ခွင့် ပြောင်းလဲ လျှောက်ရတော့မယ်လို့ ဒေသခံ တစ်ဦးက ရှင်းပြပါတယ်။
“ရာအိမ်မှူးကတော့ ဘာမှ စိတ်ပူစရာ မလိုဘူး။ ဘာမှ မဖြစ်ဘူး ပြောတယ်။ အခုက သိမ်းမယ် ဆိုတာထက် ပုံစံပြောင်း လျှောက်ပေါ့။ မလျှောက်ရင် သိမ်းမယ်ပေါ့။ စစ်ကောင်စီက ဘတ်ဂျက် နည်းလာပြီလေ။ အခွန်ရဖို့ဆို ဒီနည်းပဲ ရှိတော့တာ။ အကုန်လုံး ပုံစံပြောင်း လျှောက်ကြရင် နေအိမ်တွေက ထောင်ချီ အခွန်မနည်းမနောရမှာ” လို့ သူကဆိုပါတယ်။
ဖာမွန်းကျေးရွာထဲက နေအိမ်တချို့ဟာ မြေစာရင်းဦးစီးဌာနကို အိမ်ယာဆောက်လုပ်ခွင့် တင်ထားတာကြောင့် ဖျက်သိမ်းရမယ့်ထဲ မပါဘူးလို့ ကျေးရွာခံတွေက ပြောပါတယ်။
ဒါပေမယ့် လတ်တလောမှာတော့ ဖာမွန်းကျေးရွာထဲက နေအိမ် ၁၀ လုံး ခန့်ဟာ နို့တစ်စာတွေကြောင့် စိုးရိမ်ကြောက်လန့်ပြီး ဖျက်သိမ်းသွားတယ်လို့ ဒေသခံတွေရဲ့ အဆိုအရ သိရပါတယ်။
CJ-007
#MekongNews
#တောင်ကြီးမြို့နယ်
#လယ်ယာမြေ
#မြေစာရင်းဦးစီးဌာန








