မဲခေါင်၊ နိုဝင်ဘာ ၂၅
ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ် ၁၀၀ ကို မြန်မာငွေ ၇၉၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှာစပြီး မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့ရာ ယမန်နေ့တွင် ၇၈၇၀၀ ကျပ်အထိ နှင့် ယနေ့တွင် မူဆယ်၊ မိုင်းပေါက်၊ ဝိန်းကောင် စသည့်မြိုးများတွင် ယွမ် ၁၀၀ကို ကျပ်ငွေ ၇၉၀၀၀ ထိ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ မူဆယ်မှာက မနက်ဈေးကို ၇၉၀၀၀ ကျပ်ထိထပ်တက်သွားတယ်။ ယွမ် ၁၀၀ကို မြန်မာငွေလဲရင် ၇၉၀၀၀ ရပြီ။ မနေ့က ၇၈၇၀၀ ရတယ်။ ကျပ်ကနေ ယွမ်ယူရင်တော့ ယွမ် ၁၀၀ကို ၈သောင်းကျပ်ပေးရတယ်။ မိုင်းလား လောက်ကိုင်မှာတော့ ယွမ်၁၀၀ကို ၇၉၂၀၀ကျပ်ဖြစ်သွားပြီ။”ဟု မူဆယ်မြို့ခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ လလယ် ၁၅ ရက်အထိ ယွမ် ၁၀၀ ကို မြန်မာငွေကျပ် ၆၅၀၀၀ ခန့်သာ ဈေးရှိသော်လည်း စစ်ကောင်စီက ဗဟိုဘဏ်ဆီမှ ကျပ်ဘီလျံ ၂၁၀၀ ချေးယူမည့် ကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပြီးသည့်နောက် ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းသွားခဲ့ကာ တလကျော်အကြာ လက်ရှိတွင် ယွမ် ၁၀၀ ကို ၇၉၀၀၀ ကျပ်ထိ ဖြစ်လာခြင်းဖြစ်သည်။
နယ်စပ်မြို့မဟုတ်သည့် ရှမ်းပြည်မြောက်ပိုင်းရှိ တန့်ယန်း၊ မိုင်းရယ် စသည့်မြို့များတွင်မူ တရုတ်ယွမ်ငွေ ၁၀၀ ကို မြန်မာငွေ ၇၈၀၀၀ ရှိနေသည်ဟုဆိုသည်။
နိုင်ငံခြားငွေကြေးများနှင့် နှိုင်းယှဉ်ပါက မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် ငွေလဲလှယ်မှုများအပေါ် သက်ရောက်မှုများ ရှိလာနိုင်သည်။
မြန်မာကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းနေခြင်းသည် ပြည်ပမှတင်သွင်းရသည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကိုလည်း မြင့်တက်စေနိုင်ပြီး အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအပေါ် ကုန်ကျစရိတ် ပိုမိုမြင့်တက်လာနိုင်သည်။
လက်ရှိတွင် နိုင်ငံခြားငွေလဲနှုန်းများ မတည်ငြိမ်သေးသဖြင့် ရှမ်းပြည်အတွင်း ကုန်ဈေးနှုန်းများအပေါ် မည်သို့သက်ရောက်လာမည်ကို စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။
#MeKongNews
#ရှမ်းပြည်
#ယွမ်ဈေး
#ငွေဈေး
#တရုတ်ငွေ
#ဈေးတက်








