မဲခေါင်၊ အောက်တိုဘာ ၂၀
ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ ရက်တွင် စစ်ကောင်စီလှည့်ကင်းအဖွဲ့သည် တောင်နီဘိနယ်၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီးတွင် နယ်မြေစိုးမိုးရေးဆောင်ရွက်နေစဉ် တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့ဘက်မှ ရွှေညောင်မြို့ဘက်သို့ မောင်းနှင်လာသည့် အဖြူရောင် ၁၂ ဘီးမော်တော်ယာဉ်ကို တွေ့ရှိသဖြင့် ရပ်တန့်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ယာဉ်ပေါ်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထားများ မပါရှိသည့် အင်ခွဲသား ၅၄၄ ချောင်း၊ စုစုပေါင်း ၁၅ ဒသမ ၁၀၁၀ တန်၊ ကာလတန်ဖိုးငွေကျပ် ၁၃၅,၉၀၉,၀၀၀ တန်ဖိုးရှိ သစ်ခွဲသားများကို တွေ့ရှိသဖြင့် ဖမ်းဆီးသိမ်းဆည်းခဲ့သည်။
ဖမ်းဆီးရမိသည့် ယာဉ်မောင်း ဇေလတ်၊ SHN-18 2C/3335 နံပါတ်ပါ Nissan Diesel အမျိုးအစား အဖြူရောင် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးနှင့် တရားမဝင်အင်ခွဲသားများအား ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် တောင်ကြီးမြို့နယ် သစ်တောဦးစီးဌာန၊ တောင်နီဘိနယ် ဟဲကယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် တောင်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ တရားမဝင်သစ်များ သယ်ဆောင်လာသူ ဇေလတ်အား ဥပဒေအရ အရေးယူနိုင်ရေးအတွက် တရားလိုပြုလုပ်၍ ရွှေညောင်နယ်မြေခံရဲစခန်းသို့ တိုင်ကြားခဲ့သည်။
ယင်းတိုင်ကြားချက်အရ ရွှေညောင်မြို့ နယ်မြေခံရဲစခန်းမှ တရားမဝင်သစ်များ သယ်ဆောင်လာသူ ဇေလတ်၊ အသက် ၄၇ နှစ်အား (ပ)၁၆၃/၂၀၂၆၊ သစ်တောဥပဒေပုဒ်မ ၄၁(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#MeKongNews
#တောင်ကြီး
#ရွှေညောင်
#တောင်ကြီး
#တရားမဝင်
#သစ်ခွဲသား








