မဲခေါင်၊ အောက်တိုဘာ ၁၄
ရှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲနှင့် သီပေါမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးရှိ ငါန်းဇွန်မြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေးဆိုင်ရာ အမိန့်ကို ပယ်ဖျက်ရန် စစ်ကောင်စီ သမ္မတ မင်းအောင်လှိုင်က စစ်ကောင်စီ လွှတ်တော်ကို တင်ပြထားကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၁၃ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် စာတွင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၃/၂၀၂၆ နှင့် ၄/၂၀၂၆ တို့ကို ရက်ပေါင်း ၉၀ ထပ်မံသက်တမ်းတိုးရန် သဘောတူညီချက် တောင်းခံထားသည်။
ဧပြီ ၂၃ ရက်က ထုတ်ပြန်ခဲ့သော အမိန့်အမှတ် ၁/၂၀၂၆ အရ ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုရှိ မြို့နယ် ၆၀ တွင် အရေးပေါ်အခြေအနေ ကြေညာထားခြင်းဖြစ်ပြီး အဆိုပါ မြို့နယ်များတွင် အုပ်ချုပ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများအပေါ် မူတည်၍ အမိန့်သက်တမ်းတိုးရန် ဆောင်ရွက်နေခြင်းဖြစ်သည်။
အဆိုပါ မြို့နယ် ၆၀ တွင် ကချင်ပြည်နယ် ၅ မြို့နယ်၊ ကယားပြည်နယ် ၃ မြို့နယ်၊ ကရင်ပြည်နယ် ၂ မြို့နယ်၊ ချင်းပြည်နယ် ၇ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၈ မြို့နယ်၊ မကွေးတိုင်းဒေသကြီး ၅ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ၁ မြို့နယ်၊ ရခိုင်ပြည်နယ် ၁၄ မြို့နယ်နှင့် ရှမ်းပြည်နယ် ၁၅ မြို့နယ် ပါဝင်သည်။
သမ္မတရုံး၏ တင်ပြချက်အရ ကျောက်မဲ၊ သီပေါနှင့် ငါန်းဇွန်မြို့နယ်တို့တွင် အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီဟု ဖော်ပြထားသည်။
ထို့ကြောင့် အဆိုပါ မြို့နယ် ၃ ခုကို ချန်လှပ်ပြီး ကျန်မြို့နယ် ၅၇ ခုတွင်သာ အမိန့်ကို ရက်ပေါင်း ၉၀ ထပ်မံသက်တမ်းတိုးရန် တင်ပြထားခြင်းဖြစ်သည်။
အဆိုပါ အမိန့်များ၏ လက်ရှိသက်တမ်းသည် အောက်တိုဘာ ၁၈ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းတိုးရေးအတွက် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ကို တောင်းခံထားသော်လည်း အတည်ပြုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း မရှိသေးပေ။
#MeKongNews
#ကျောက်မဲ
#သီပေါ
#ငါန်းဇွန်
#စစ်အုပ်ချုပ်ရေး
#စစ်ကောင်စီ








