မဲခေါင်၊ အောက်တိုဘာ ၇
ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ကျ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမိုးထွန်း၊ ဒုရဲအုပ် ဟန်လင်းနှင့် ဒုရဲအုပ် နိုင်စိုးတို့သည် ရုံးရှိ ရဲမေများထံ ကာမလိမ်လည်ရယူနေကြောင်း ကာမလိမ်လည်ရယူခံရသည့် ရဲမေများနှင့် နီးစပ်သူများက သတင်းပေးပို့သည်။
မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲ ၃ဦးသည် ရဲမေများကို နေရာ၊ ရာထူးဖြင့် မြူဆွယ်ခြင်း၊ တံဆိုးလက်ဆောင်ပေးခြင်းတို့ဖြင့် စည်းရုံးသိမ်းသွင်းပြီး ကာမလိမ်လည်ရယူခြင်းဖြစ်ကြောင်း၊ အချို့မှာ ကိုယ်ဝန်ရသည်အထိဖြစ်နေကြောင်း ရဲမေများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ရုံးထိုင်ကြားပေါက်မရှိတဲ့ ရဲမေတွေကို အဝတ်အစားတွေ၊ အလှပြင်ပစ္စည်းတွေဝယ်ပေးပြီး မြူဆွယ်ပြီး ကာမရယူနေတာ။ တချို့ကိုလည်း ပင်လောင်းရုံးမှာပဲ တွဲခွင့်ရအောင်လုပ်ပေးမယ်ဆိုပြီး ပြောပြီး ရယူတာလည်းရှိတယ်။ တချို့ကိုယ်ဝန်ရတော့ ဘယ်သူမှ တာဝန်မယူလို့ ဖျက်ချလိုက်ရတာတွေလည်းရှိတယ်” ဟု ၎င်းက ပြောသည်။
ယင်းသို့ ကာမလိမ်လည်ရယူမှုများမှာ လက်ရှိသတင်းဖော်ပြချိန်အထိ ရှိနေဆဲဖြစ်ပြီး ဒုရဲအုပ် နိုင်စိုးဆိုသူမှာ အဆိုးဆုံးဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။
ယခုကဲ့သို့ ဖြစ်ပျက်နေသည်များကို ပင်လောင်းမြို့နယ်ရှိ ရဲမေများ ကြိတ်မှိတ်ခံစားနေရပြီး မလူးသာ၊ မလွန့်သာ အခြေအနေဖြစ်နေကြောင်း၊ ရဲချုပ်အပါအဝင် အထက်အရာရှိများ သိရှိပြီး ထိရောက်စွာ အရေးယူပေးစေလိုကြောင်း ရဲမေအသိုင်းအဝိုင်းက ပြောဆိုနေကြသည်။
#MeKongNews
#ပင်လောင်းမြို့နယ်
#မြို့နယ်ရဲတပ်ဖွဲ့မှူး
#ရဲမေ
#ကာမလိမ်လည်








