မဲခေါင်၊ အောက်တိုဘာ ၆
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ ဝိန်းကောင်ရွာရှိ ဆန်စက်ပိုင်ရှင် ရွာသားတစ်ဦးကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အဖွဲ့အား ကူညီပေးနေသည်ဟု စွပ်စွဲကာ PNO ပြည်သူ့စစ်အဖွဲ့၏ ဗိုလ်ကြီး အောင်ဆန်း ဆိုသူက ဖမ်းဆီးရိုက်နှက်ပြီး ငွေကျပ် သိန်း ၁၂၀ တောင်းယူခဲ့ကြောင်း ရွာခံများနှင့် နီးစပ်သူထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ရွာဥက္ကဋ္ဌဖြစ်သူ စိုင်းလုံ ဆိုသူ၏ ပြောပြချက်ပေါ် အခြေခံ၍ ရဲစခန်းနှင့် PNO တို့က ယင်းဆန်စက်ပိုင်ရှင်အား စစ်ဆေးရန်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ဆန်စက်ပိုင်ရှင်၏ ပြောဆိုချက်အရ ယခင် စစ်ရေးရှုပ်ထွေးနေသည့် ကာလအတွင်း အခြားဒေသမှ အရပ်သားပုံစံဖြင့် လာရောက်၍ စပါးကြိတ်ခွဲခိုင်းသဖြင့် အခကြေးငွေယူကာ ကြိတ်ပေးခဲ့ခြင်းသာဖြစ်ပြီး မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကိုမျှ အလကား ကူညီပေးခဲ့ခြင်း မရှိဟု နီးစပ်သူများထံမှ သိရသည်။
ယင်းနောက် ရဲစခန်းမှ ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း ညနေပိုင်းတွင် PNO ပြည်သူ့စစ်အဖွဲ့က ထပ်မံလာရောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
“တကယ်တော့ ဒီဆန်စက်ပိုင်ရှင်ဟာ KNDF ဘက်က မဟုတ်ပါဘူး။ KNDF က ဝိန်းကောင်ရွာမှာ စစ်သားလာကောက်တုန်းကတောင် ရွာသားတွေဘက်က မားမားမတ်မတ် ရပ်တည်ပြီး ကန့်ကွက်ခဲ့တဲ့သူပါ။ KNDF ထောက်ခံသူ မဟုတ်တာ ထင်ရှားနေတာပဲကို။ ဒါကို ဗိုလ်ကြီး အောင်ဆန်း ဆိုတဲ့သူက ဘာစစ်ဆေးမေးမြန်းမှုမှလည်း မလုပ်ဘဲနဲ့ အကြောင်းမဲ့ ကြိုးတုတ်ဖမ်းဆီးတယ်၊ ရိုက်နှက်ပြီး အတင်းအဓမ္မ ဝန်ခံခိုင်းတာ” ဟု ရွာခံများနှင့် နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောသည်။
ရွာလူကြီး စိုင်းလုံ ဆိုသူကလည်း PNO ကို အကြောင်းကြားခဲ့သဖြင့် ယခုလို တရားမဲ့ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခံရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
ဆန်စက်ပိုင်ရှင်ကို ဗိုလ်ကြီး အောင်ဆန်းက ငွေကျပ် သိန်း ၂၀၀ တောင်းခံခဲ့ရာ ရပ်မိရပ်ဖများက အသနားခံ တောင်းပန်ခဲ့သဖြင့် ငွေကျပ် သိန်း ၁၂၀ ပေးအပ်ခဲ့ရပြီးမှသာ အဆိုပါ ရွာသား ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
PNO ဗိုလ်ကြီး အောင်ဆန်း ဆိုသူသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်က လွှတ်တော်ကိုယ်စားလှယ်များကို PNO ဂိတ်က ငွေတောင်းသည့်ကိစ္စ ပြောကြားသည့် ရွာသားကို ပစ်သတ်မည်ဟု ခြိမ်းခြောက်ခဲ့သေးသည်။
#MeKongNews
#ဆီဆိုင်မြို့နယ်
#PNO
#ဗိုလ်ကြီးအောင်ဆန်း
#ငွေညှစ်
#ဆန်စက်ပိုင်ရှင်








